နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့ပြည်သူတစ်ဦးအား ပစ်ခတ်သတ်ဖြတ်

Printer-friendly versionSend by email

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့ပြည်သူတစ်ဦးအား ပစ်ခတ်သတ်ဖြတ်

နေပြည်တော် မတ် ၂၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့က မတ် ၂၁ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းသည် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်းကျေးရွာနှင့် စေတောင်ကျေးရွာအကြားသို့အရောက် AA အဖွဲ့ အင်အား ၁၅၀ ခန့်က စေတောင်ကျေးရွာ၏ မြောက်ဘက်ထိပ်နေရာ ၅ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြန့်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် စံညှင်းကျေးရွာနေထိုင်သူ ဦးမောင်တင် (ဘ) ဦးယဉ်ဖြူအောင် နေအိမ်၌ အိပ်ပျော်နေစဉ် မတ် ၂၀ ရက် ည ၉ နာရီခန့်တွင် AA အဖွဲ့မှ မျက်နှာဖုံးစွပ်ထားသူနှစ်ဦး ရောက်ရှိလာပြီး ဦးမောင်တင်အား အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ညာနားထင် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်နားရွက်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ဘယ်လက်ဖျံ ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာလက်ဖျံ ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ဘယ်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

AAအဖွဲ့အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများကို အသုံးပြုအကာအကွယ်ရယူလျက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား မိုင်းထောင်/ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ပြန်လည်ခုခံရသည့်အခါ ရပ်ကွက်၊ ကျေးရွာများအတွင်း မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်သဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ ၊ ရပ်ကွက်နှင့်ကျေးရွာများ၌ AA အဖွဲ့အား လက်မခံကြရန်နှင့် မြို့ ၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဝင်ရောက်လာပါကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေး အဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။