မိုင်းထောင်နေသည့် AA အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

Printer-friendly versionSend by email

မိုင်းထောင်နေသည့် AA အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း AA အဖွဲ့များ စိမ့်ဝင်လှုပ်ရှားမှုမရှိစေရေးနှင့် အဖျက်အမှောက်လုပ်ငန်းများ မလုပ်နိုင်စေရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်စဉ် မတ် ၂၀ ရက် ညနေပိုင်းတွင် ရေစိုးချောင်းကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ ရေစိုးချောင်း- ဖုန်ညိုလိပ် ကားလမ်းပေါ်၌ အရပ်ဝတ် ဝတ်ဆင်ထားသော AA အဖွဲ့ဝင်တစ်ဦး မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးစဉ် ထွက်ပြေးခဲ့၍ ပစ်ခတ်ဖမ်းဆီးရာ ဓားတစ်ချောင်း၊ ဒေသန္တရ နင်းမိုင်း နှစ်လုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း။

ဆက်လက်၍ ၎င်းနေ့ ညနေပိုင်းတွင် ရေစိုးချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်၌ တပ်မတော်စစ်ကြောင်းများက လုံခြုံရေးဆောင်ရွက်စဉ် ကျေးရွာအနီး၌ ရီမုမိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲခဲ့သည့် နေရာတစ်ဝိုက်ရှင်းလင်းရာ မသင်္ကာဖွယ်အမျိုးသား နှစ်ဦးအား ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသူ နှစ်ဦးသည် ရေစိုးချောင်းကျေးရွာ ဆယ်အိမ်မှူးနှင့် ရွာသူ ရွာသားများ၏ ပြောကြားချက်အရ ၎င်းတို့ကျေးရွာမှမဟုတ်ဘဲ မျက်နှာစိမ်းများသာဖြစ်ကြောင်းနှင့် နှစ်ဦးအနက် တစ်ဦးမှာလည်း မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း၊ ဖမ်းဆီးရမိသူ နှစ်ဦးအား လိုအပ်သလိုစစ်ဆေးရန် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးပို့ စစ်ဆေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။