အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ

Printer-friendly versionSend by email

အရပ်ဘက်ပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်များ AA အဖွဲ့ လုပ်ဆောင်လာ

နေပြည်တော် မတ် ၁၇

၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှသော ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ ဖြိုးရေးစီမံကိန်းဝင်ပလက်၀တံတား တည်ဆောက်ရေးအတွက် ပစ္စည်းကိရိယာများ တင်ဆောင်လာသော အရပ်ဘက်ကုန်တင်ရေယာဉ်အား AA အဖွဲ့က အကြမ်းဖက်စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာခဲ့သည်။

ပလက်၀တံတားစီမံကိန်းတွင် အသုံးပြုရန်လိုအပ်သော ပစ္စည်းများသယ်ဆောင်၍ ရန်ကုန်မြို့မှ မတ်လ ၁၀ ရက်နေ့တွင် ထွက်ခွာလာသော MV-ရတနာဝင်း(၇) အရပ်ဘက်ကုန်တင် ရေယာဉ်သည် စစ်တွေ၊ ကျောက်တော်မှ တစ်ဆင့်ပလက်၀သို့ ထွက်ခွာလာစဉ် မတ်လ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ခေါ်ဆောင်ကာ ရေယာဉ်ကို မီးရှို့ခဲ့သည်။

သင်္ဘောကပ္ပတိန် ဦးအောင်ကျော်သူ ဦးဆောင်သည့် အရပ်သားရေယာဉ်ဝန်ထမ်း ၁၀ ဦးသာ လိုက်ပါလာသည့် ရေယာဉ်ပေါ်တွင်ပါရှိသည့် ပစ္စည်းများမှာ သံပေါင် ၂၅၆ ဒသမ ၀၈၅ တန်၊ သံပေါင်အထိုင်ခုံ ၂၄ ဒသမ ၉၆ တန်၊ သုတ်ဆေး ၀ ဒသမ ၃၅ တန်၊ High Tension Bolt ၄ ဒသမ ၈၃၅ တန်တို့ဖြစ်ပြီး ပစ္စည်းတန်ဖိုးစုစုပေါင်း ငွေကျပ် ၁ ဒသမ ၀၇၂ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်စုံတစ်ဦးမှ လိုက်ပါလာခြင်း မရှိသည့်အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် စီမံကိန်းတည်ဆောက်ရေးပစ္စည်းများကိုသာ သယ်ဆောင်လာသည့် အရပ်ဘက်ကုန်တင်ရေယာဉ်ကို ပစ်မှတ်ထား၍ မီးရှို့ဖျက်ဆီးအကြမ်းဖက်တိုက်ခိုက်သည့် AA အဖွဲ့အား ပြည်သူများက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။