စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ(သစ်)၌ ဈေးဆိုင်တန်းများ မီးလောင်မှုဖြစ်ပွား

Printer-friendly versionSend by email

စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ(သစ်)၌ ဈေးဆိုင်တန်းများ မီးလောင်မှုဖြစ်ပွား

စစ်တွေ မတ် ၁၂

စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု ဒါးပိုင်ကျေးရွာ(သစ်)၌ ဈေးဆိုင်တန်းများ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်ရာသို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးသော်ဒါနှင့် စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားသည်။

မီးလောင်မှုဖြစ်စဉ်မှာ ဒါးပိုင်ကျေးရွာ(သစ်)နေ ဦးရော်ဖီး ဈေးရောင်းနေအိမ်၌ ဦးရော်ဖီး၏ဇနီးက ဈေးဆိုင်နေအိမ်နောက်တွင် ထင်းဖြင့်ထမင်းချက်ရာ မီးစလွင့်ပြီး ဓာတ်ဆီပီပါသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ငါးပေပတ်လည် ပလတ်စတစ်မိုး၊ သွပ်ကာမြေစိုက်ဆိုင်ခန်းကိုးခန်းနှင့် ၁၀ ပေပတ်လည်ဝါးကြမ်းခင်းထရံကာ ပလတ်စတစ်မိုးလူနေတန်းလျား ခုနစ်ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြိုဖျက်ဆိုင်ခန်းနှစ်ခန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ငွေကျပ်သိန်း ၇၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး နော်ဘီဟူဆောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ မီးဘေးဒုက္ခသည်များ ယာယီတဲများတွင် နေထိုင်လျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကို စစ်တွေမြို့ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။