ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ မော်တော်ယာဉ် အစီး ၂၀ လှူဒါန်း

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ မော်တော်ယာဉ် အစီး ၂၀ လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinotruk Howo မော်တော်ယာဉ်အစီး ၂၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အားပေးထောက်ခံ

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစဉ်တစိုက် အားပေးထောက်ခံလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များအတွက် ကူညီမှုတစ်ရပ်အနေဖြင့်မော်တော်ယာဉ်အစီး ၂၀ ကို လှူဒါန်းရန်ဆုံးဖြတ်ခဲ့ပါကြောင်းနှင့် မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်မှုများရရှိနိုင်မည်ဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ဆက်လက်ပူးပေါင်းဆောင်ရွက်

ထို့နောက် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကမြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက်အဆင်သင့်ဖြစ်အောင် အစစအရာရာ စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးစခန်းနှစ်ခုနှင့် ကြားစခန်းတစ်ခုတို့မှ ပြန်လည်နေရာချထားပေးမည့်သက်ဆိုင်ရာနေရာ အသီးသီးသို့ သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသော်လည်း ထပ်မံလိုအပ်ချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မော်တော်ယာဉ် အစီး ၂၀ လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမြန်မာနိုင်ငံအတွက် လိုအပ်သည့်အခါတိုင်းတွင် ပူးပေါင်းကူညီဆောင်ရွက်မှုများရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တရုတ်နိုင်ငံ သံအမတ်ကြီးက မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် လွှဲပြောင်းခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးကမော်တော်ယာဉ်များနှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့တို့သည် ပေးအပ်လှူဒါန်းသည့် မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ရှင်းလင်းဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက်လက်ခံရေးစခန်းနှစ်ခု၊ ကြားစခန်းတစ်ခုပြင်ဆင်ထားရှိမှု အခြေအနေ၊ လက်ခံပြီးနောက် ပြန်လည်နေရာချထားရေး၊အိမ်ရာများဆောက်လုပ်ပေးနိုင်ရေး၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများလက်လှမ်းမီစေရေး စသည်တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ်များအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှုအခြေအနေများ၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂရုံးချုပ်သို့ သွားရောက်၍ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းပြောကြားမ ည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာမှုများအတွက် တည်ဆောက်ပေးမည့် နမူနာအိမ်ပုံစံအား လိုက်လံပြသခဲ့ကြောင်း သိရသည်။