တပ်မတော်သားအယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှုများရှိပါက သက်ဆိုင်ရာများသို့ တိုင်ကြားနိုင်

Printer-friendly versionSend by email

တပ်မတော်သားအယောင်ဆောင်၍ ဖမ်းဆီးနှိပ်စက်မှုများရှိပါက သက်ဆိုင်ရာများသို့ တိုင်ကြားနိုင်

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ် မြောက်ဦး-ကျောက်တော်-စစ်တွေကားလမ်း၏ အရှေ့ဘက်တောင်ကုန်းများတွင် AA သောင်းကျန်းသူအဖွဲ့များက လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေတည်ဆောက်ရန်အတွက် ရောက်ရှိလာပြီး အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ကျောက်တော်မြို့နယ်နှင့်မြောက်ဦးမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် AA သောင်းကျန်းသူများထံမှ အလောင်းများ၊ လက်နက်၊ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တပ်မတော်သုံးအဆင့်တံဆိပ်၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များ သိမ်းဆည်းရမိကြောင်းကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်မှုများ ပြုလုပ်ပြီးဖြစ်သည်။

လူမှုကွန်ရက်များ၌ စွပ်စွဲဝါဒဖြန့်

ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအားတပ်မတော် အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်၍ တပ်မတော်သားအယောင်ဆောင်ကာ အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ဆောင်ရွက်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရနှင့် သိမ်းဆည်းရမိခဲ့သော အထောက်အထားများအရ သိရှိရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများ၌လည်း စွပ်စွဲဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိကြောင်း။

ထိုသို့ဆောင်ရွက်မှုများသည် AA သောင်းကျန်းသူများအနေဖြင့် တပ်မတော်အပေါ် အထင်မှား၊ အမြင်မှားဖြစ်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်ပြီးတပ်မတော်နှင့် ဒေသခံပြည်သူလူထုစိတ်ဝမ်းကွဲ၍ ဒေသမတည်မငြိမ်ဖြစ်စေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

အကြောင်းကြားတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန်

သို့ဖြစ်၍ မြို့နယ်၊ ကျေးရွာများအလိုက် တပ်မတော်သားအယောင်ဆောင်၍အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါက သက်ဆိုင်ရာရဲစခန်းများနှင့် တိုင်းစစ်ဌာနချုပ်သို့ အထောက်အထားနှင့်တကွ အကြောင်းကြားတိုင်ကြားခြင်းဖြင့် ဒေသလုံခြုံရေးအား တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။