ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်အတွင်းရှိ နေအိမ်လိုင်းခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အရာရှိတစ်ဦး၏ ဇနီးသည် သေဆုံး

Printer-friendly versionSend by email

ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်အတွင်းရှိ နေအိမ်လိုင်းခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အရာရှိတစ်ဦး၏ ဇနီးသည် သေဆုံး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်အတွင်းရှိ နေအိမ်လိုင်းခန်းတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အရာရှိတစ်ဦး၏ ဇနီးသည် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်နယ်ရှိနေအိမ်လိုင်းခန်းတွင် နံနက် ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အရာရှိတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်နန်းမို့မို့ဇော်(၂၆ နှစ်) မှာ ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း၊ထို့ပြင်နေအိမ်လိုင်းခန်း မျက်နှာကြက်၊ ပြတင်းပေါက်တံခါးမှန်များပျက်စီးပြီး လိုင်းခန်းအတွင်းမှ ပလတ်စတစ်ကွန်ကျူးပိုက် အပိုင်းအစများ၊ ဘောစေ့နှစ်ထောင်ခန့်၊ မီးလောင်ကျွမ်းနေသော ဓာတ်ခဲအိမ်နှစ်ခုနှင့် ဆားကစ်ပြားတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ စိစစ်

ပေါက်ကွဲမှုနှင့်ပတ်သက်၍ စိစစ်ရာ ဟဲဟိုးမြို့မှ ဘူးသီးတောင်သို့ ပြောင်းရွှေ့လာသော အရာရှိ၏ အိမ်ထောင်ပြောင်းပစ္စည်းများ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာအကျော် ပုဏ္ဏားကျွန်း- ဘူးသီးတောင်ကားလမ်းတောင်ကြော အဆင်းအရောက်တွင် အရပ်ဝတ်ဖြင့်အမျိုးသားနှစ်ဦးက ယာဉ်အားရပ်တန့်စေပြီး ရှာဖွေစစ်ဆေးခဲ့ကြောင်း။

ထို့နောက် နောက်ပြန်လှည့်ခေါ်ဆောင်ကာ သေနတ်အရှည်တစ်လက်ပါ အရပ်ဝတ်များဖြင့် အမျိုးသား ခြောက်ဦးအဖွဲ့ ထပ်မံရောက်ရှိလာပြီး မေးမြန်းသဖြင့် အိမ်ထောင်ပြောင်းဆရာမတစ်ဦး၏ ပစ္စည်းများဟု ပြောကြားခဲ့ကြောင်း၊ပစ္စည်းပို့ခိုင်းသူထံ ဖုန်းစပီကာဖွင့်ကာ ဆက်သွယ်ခိုင်းသဖြင့် ယာဉ်မောင်းက အဆိုပါ အရာရှိထံ ဆက်သွယ်ခဲ့ရာ ဘူးသီးတောင် တပ်ရှေ့သို့ရောက်ရှိလျှင် ဖုန်းပြန်ဆက်ရန် ပြန်လည်ပြောကြားခဲ့ကြောင်း၊ ည ၈ နာရီခန့်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား ပြန်လွှတ်ပေးသဖြင့် ဆက်လက်မောင်းနှင်လာရာ ယနေ့နံနက် ၇ နာရီတွင် ဘူးသီးတောင်သို့ ရောက်ရှိပြီး နေအိမ်ဧည့်ခန်းအတွင်း ပစ္စည်းများနေရာချရှင်းလင်းနေစဉ် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။