ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် AA သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား၊ လေ့ကျင့်ရေးစခန်း တစ်ခုအား သိမ်းပိုက်ရရှိ

Printer-friendly versionSend by email

ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် AA သောင်းကျန်းသူအဖွဲ့ ထိတွေ့မှုဖြစ်ပွား၊ လေ့ကျင့်ရေးစခန်း တစ်ခုအား သိမ်းပိုက်ရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ ဆက်သွယ်ထားသော ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် AA သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ခန့်သည် လေ့ကျင့်ရေးစခန်းဖွင့်လှစ်ရန်နှင့် အခြေခံနယ်မြေတည်ဆောက်ရန် ရောက်ရှိနေပြီး အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိုင်းထောင်မိုင်းခွဲခြင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း AA သောင်းကျန်းသူအဖွဲ့များကို မလိုလားသော ပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများသည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိတွေ့ မှုဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားခဲ့သော AA သောင်းကျန်းသူအဖွဲ့များနောက်သို့ တပ်မတော်စစ်ကြောင်းများက အသေးစိတ်လိုက်လံရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်မှ ယနေ့အထိ ထိတွေ့မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ၎င်းတို့ သင်တန်းကျောင်းဖွင့်လှစ်ရန် ရည်ရွယ်ထားသော လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့များသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၏အရှေ့ဘက်နှင့် တောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တပ်မတော်စစ်ကြောင်းများက ထပ်ချပ်လိုက်လံရှင်းလင်းလျက်ရှိသည်။

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့ထံမှ အလောင်းလေးလောင်း၊ လက်နက်မျိုးစုံလေးလက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများ၊ အရက်စည် ခုနစ်ပုံး၊ လမ်းလျှောက်စကားပြောစက်အားသွင်းခုံများ၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကျူးပိုက်များ၊ ကော်ဗူးများ၊ ဝါးနင်းခလုတ်များ၊ ယမ်းစိမ်းပုံးများ၊ ဓာတ်မြေဩဇာများနှင့် တပ်မတော်အရာရှိ၊ စစ်သည်အဆင့်တံဆိပ်များ၊AA သောင်းကျန်းသူလက်မောင်းတံဆိပ်များကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့်ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးအားဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။