မာန်အောင်ကျွန်း၏အနောက်မြောက်ဘက်ရှိ မီးပြတိုက်အနီး သင်္ဘောတစ်စင်း နစ်မြုပ်၊ လူ ၁၈ ဦး ပျောက်ဆုံးလျက်ရှိ

Printer-friendly versionSend by email

မာန်အောင်ကျွန်း၏အနောက်မြောက်ဘက်ရှိ မီးပြတိုက်အနီး သင်္ဘောတစ်စင်း နစ်မြုပ်၊ လူ ၁၈ ဦး ပျောက်ဆုံးလျက်ရှိ

မာန်အောင် ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် (မာန်အောင်ကျွန်း)၏ အနောက်မြောက်ဘက်ရှိ ဇီးတောကျေးရွာနှင့် ရေမိုင် လေးမိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် ဆင်ပြောင်အမည်ရှိ သင်္ဘောမှာ လူ ၂၅ ဦးပါဝင်ပြီး ယနေ့ နံနက် ၄ နာရီခွဲ ခန့်က နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ပျောက်ဆုံးနေ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

နစ်မြုပ်ပျောက်ဆုံး

အဆိုပါ ဖြစ်စဉ်တွင် သင်္ဘောမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မီးပြတိုက်ဦးစီးဌာနပိုင် ဆင်ပြောင်ရေယာဉ်ပေါ်၌ ရေယာဉ်မှူး ဦးထွန်းထွန်းနှင့် ၂၃ ဦး၊ မာန်အောင်မီးပြတိုက်မှ ဒေသခံနေ့စားဝန်ထမ်း တစ်ဦး စုစုပေါင်း ၂၅ ဦးတို့သည် မီးပြတိုက်မြောက်ဘက် ရေမိုင် တစ်မိုင်ခန့်အကွာတွင် ကျောက်ချညအိပ်နားနေစဉ် ယနေ့ နံနက် ၄ နာရီခန့်က ဘေးလှိုင်းရိုက်ခတ်မှုများကြောင့် ရေယာဉ်အတွင်း မှန်ပြတင်းပေါက်များကွဲအက်၍ ရေများဝင်လာသဖြင့် သင်္ဘောမှာ ဝဲဘက်သို့တိမ်းစောင်းကာ နစ်မြုပ်နေစဉ်တွင် သင်္ဘောပေါ်မှ ဝီစီမှုတ်သံများကြောင့် မီးပြတိုက်ဌာနမှူး ဦးအေးလွင်တို့အဖွဲ့က ဒေသငါးဖမ်းစက်လှေနှစ်စင်းဖြင့် သွားရောက် ကူညီကယ်ဆယ်ခဲ့ရာ လူ ၂၅ ဦးအနက်မှ ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ရေယာဉ်မှူး ဦးထွန်းထွန်းပါ ၁၇ ဦးနှင့် ဒေသခံ နေ့စားဝန်ထမ်းတစ်ဦး စုစုပေါင်း ၁၈ ဦးတို့မှာ သင်္ဘောနှင့်အတူ နစ်မြုပ်ပျောက်ဆုံးသွားကြောင်း သိရသည်။

ရှာဖွေလျက်ရှိ

ယင်းသင်္ဘောနစ်မြုပ်ရာနေရာသို့ ယနေ့ နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဝေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးအိုင်အေမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ဖွဲ့၀င်များက ပျောက်ဆုံးနေသူများကို ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကာ အသက်ရှင်လျက် ကယ်တင်နိုင်သော သင်္ဘောသားများကို တပ်မတော်ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ကယ်ဆယ်ရေးအဖွဲ့မှလည်း သောက်ရေသန့်ဘူး၊ ခေါက်ဆွဲခြောက် စသော အစားအသောက်များ ပေးအပ်ခဲ့ပြီး ပျောက်ဆုံးနေသောရေယာဉ်မှူး ဦးထွန်းထွန်းနှင့် ၁၇ ဦးကို ဆက်လက် ရှာဖွေလျက်ရှိကြောင်း ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။