အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူများ၏စခန်းတစ်ခုနှင့် လက်နက်ခဲယမ်းများအား ထပ်မံသိမ်းပိုက်ရရှိ

Printer-friendly versionSend by email

အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူများ၏စခန်းတစ်ခုနှင့် လက်နက်ခဲယမ်းများအား ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာအနီးတစ်ဝိုက်ရှိ NSCN (K) စခန်းနှင့်အနီး ပတ်ဝန်းကျင်နေရာများ၌ အာသံနှင့်ကသည်းလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အချို့သည် NSCN(K)အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြုလျက်ရှိသဖြင့်တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီ ၂၉ ရက်မှစ၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့ အခြေပြုရာ စခန်းအသီးသီးကို သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၄ ရက်က တကားကျေးရွာ၏အနောက်ဘက်မီတာ ၁၆၀၀ ခန့်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်ကလည်းအဆိုပါနေရာ၌ ကျည်အိမ်မျိုးစုံ အခု ၈၀နှင့် အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ယင်းအပြင် တကားကျေးရွာ၏အနောက်တောင်ဘက်မီတာ ၈၀၀၀ ခန့်အကွာ၌ ၎င်းတို့ အခြေပြုခဲ့သော စခန်းတစ်ခုကိုလည်း ထပ်မံတွေ့ရှိ သိမ်းပိုက်ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများ အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။