ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ဦးစီးမှူး၊ မြေတိုင်း-၄နှင့် မြို့နယ်ဦးစီးမှူး(အငြိမ်းစား) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

Printer-friendly versionSend by email

ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းနှင့် မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော် ဇန်နဝါရီ ၉

ရခိုင်ပြည်နယ် ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စု ကမ်းသာယာကျေးရွာရှိ ကွင်းအမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ လုပ်ပိုင်ခွင့်ဧရိယာ ဧက ၁ ဒသမ ၈၀ အား တိုင်းတာရောင်းချရာတွင် ၂ ဒသမ ၄၃ ဧကအထိ တိုင်းတာပေးပြီး ပိုလျှံသော သုည ဒသမ ၆၃ ဧကအတွက် ကြားပွဲစားမှတစ်ဆင့် ဂွမြို့နယ် မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့်မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းတို့အား ငွေကျပ် သိန်း ၆၃၀ ပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် တိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းတို့သည် ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စု ကမ်းသာယာကျေးရွာရှိ ကွင်းအမှတ်(၂၈၆)၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ ဧရိယာ ၂ ဒသမ ၄၃ ဧကနှင့် ပတ်သက်၍ မြေစာရင်းပုံစံ(၁၀၅)နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့အား ၂၀၁၈ခုနှစ်အတွင်း အသစ်ထပ်မံထုတ်ပေးရာတွင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် မြေစာရင်း ပုံစံ(၁၀၅)၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့အား အသစ်ထုတ်ပေးရန်အတွက် မြေကွက်ပိုင်ရှင်များထံမှ စုစုပေါင်းငွေကျပ် သိန်း ၆၃၀ ကို သုံးကြိမ်ခွဲ၍၎င်းတို့၏ ရာထူးတာဝန်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ တောင်းခံရယူပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းသည် အချင်းဖြစ် မြေ ၂ ဒသမ ၄၃ ဧကနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိဘဲ မြေစာရင်းပုံစံ(၁၀၅)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့အား အသစ်ထပ်မံထုတ်ပေး၍ငွေကြေးများ လက်ခံရယူခဲ့သည့်ဖြစ်စဉ်တွင် မြို့နယ်ရုံး၌ မှတ်တမ်းထားရှိသော ပုံစံ(၇)ပေါ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးအနေဖြင့် လက်မှတ်ရေးထိုးပေးခဲ့ခြင်းသည် ဦးမင်းမင်းဇော်နှင့် ၎င်း၏ လက်အောက်ဝန်ထမ်းများ အဂတိလိုက်စားမှုကျူးလွန်ရာတွင် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ရခိုင်ပြည်နယ် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရခိုင်ပြည်နယ် ဂွမြို့မရဲစခန်းတွင် ဇန်နဝါရီ ၈ရက်၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။