မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့်ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့်ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၅

မောင်တောမြို့နယ် နယ်မြေ (၃) အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (တောင်ပြိုယာ)မှ ရဲမှူးငွေစိုး ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Ghumdhurn ကင်းစခန်းမှ Subedar Md. Abul Kalam ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင် (၃၁)မှ (၃၄)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၃၅ မိနစ်ထိ မောင်တောမြို့ နယ်မြေ(၇) အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မကျီးချောင်းနယ်မြေရုံးမှ ဒုတိယရဲမှူးကျော်သက်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ် (၀၀၃)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2) Shahparirdip ကင်းစခန်းမှ Subedar Md. Nazrul Islam ဦးဆောင်သည့်အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် မကျီးချောင်း ချောင်း၀အနီး နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၂)မှ အောင်ဗလချောင်း၀အနီး ရေမိုင်အမှတ်(၅)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်ဖက်ညှိနှိုင်း ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၃)ပေါ်၌ ကင်းလှည့်သည့်အဖွဲ့များ နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။