ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ စစ်တွေမြို့၌ ရခိုင်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ စစ်တွေမြို့၌ ရခိုင်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၇

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံသည်။

စနစ်တကျ ပြန်လည်လက်ခံနိုင်ရေး

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကမိမိတို့အနေဖြင့် ယခုအခါ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းသို့ နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေး၊ ၎င်းတို့အားပြန်လည်နေရာချထားရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့်အဓိကကျသော အခန်းကဏ္ဍမှ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများကို စိစစ်မှတ်တမ်းတင်ရေး၊ NV ကတ် ထုတ်ပေးရေးနှင့် NVကတ်ထုတ်ပေးပြီးသူများအား သတ်မှတ်ကာလအတွင်းနိုင်ငံသားစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး စသည့်လုပ်ငန်း များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်ဖြစ်သော်လည်း နိုင်ငံတော်၏ အရေးကိစ္စဖြစ်သဖြင့် အလေးအနက်ထား ဂရုပြုဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း။

နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသော်လည်း အချိန်ကာလ ကြန့်ကြာနေမှုမရှိစေရေးအတွက်မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ ရုံးချုပ်အဆင့် စသည်ဖြင့် စောင့်ကြည့်မှတ်တမ်းထားရှိကာ စိစစ်ရန်နှင့် ကြာသင့်သည်ထက် ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင်လည်း ပြည်သူကို ရှင်းလင်းချပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးရှင်းလင်းခြင်း၊ မီဒီယာများအား ရှင်းလင်းပြောကြားခြင်းတို့ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားကြရန် လိုကြောင်း။

တာဝန်ယူမှု၊ တာဝန်ခံမှု

မိမိဌာနဝန်ထမ်းများသည် လုပ်ငန်းလိုအပ်ချက်အရနေရာဒေသ အသီးသီးတွင် လုပ်ငန်းအမျိုးအစားအလိုက်တာဝန်ထမ်းဆောင်နေကြရပြီး ယင်းလုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ပြောင်းလဲနေသော ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့် အသိပညာဗဟုသုတများ ပြည့်စုံစေရေးအတွက်လည်းခေတ်စနစ်ကို မျက်ခြည်မပြတ်ရန် အရေးကြီးကြောင်း၊ ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ပြည်သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အဂတိလိုက်စားမှုမရှိရေးနှင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးကိုလည်း အလေးအနက်ထားဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာပြည်ထောင်စုဝန်ကြီးသည် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။