ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အိုအိုင်စီနှင့် အီးယူက ဦးဆောင်တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က မဲခွဲဆုံးဖြတ်ရန် တောင်းဆိုကန့်ကွက်ခဲ့

Printer-friendly versionSend by email

ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အိုအိုင်စီနှင့် အီးယူက ဦးဆောင်တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က မဲခွဲဆုံးဖြတ်ရန် တောင်းဆိုကန့်ကွက်ခဲ့

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)နှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က ပူးတွဲတင်သွင်းခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ တစ်ဖက်သတ်ကျခြင်း၊ ဘက်လိုက်ခြင်း၊ အပြုသဘောဆောင်မှုကင်းမဲ့ခြင်း၊ နိုင်ငံရေးလှုံ့ဆော်မှုပြုခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေး တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို အသိအမှတ်ပြုမှုမရှိခြင်းတို့ကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်အဆိုမူကြမ်းအပေါ် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့ပါသည်။ အဆိုမူကြမ်းအား မဲခွဲဆုံးဖြတ်ခြင်း မပြုမီ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကအထွေထွေမိန့်ခွန်းပြောကြားခြင်း၊ မဲခွဲဆုံးဖြတ်ပြီးနောက် တုံ့ပြန်ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မဲမခွဲမီအထွေထွေမိန့်ခွန်း၌ ဆုံးဖြတ်ချက်မူကြမ်း( A/C.3/73/L.51) ကို မြန်မာနိုင်ငံက လုံး၀ကန့်ကွက်ကြောင်းဦးစွာပြောကြားခဲ့ပြီး ယင်းဆုံးဖြတ်ချက် မူကြမ်းတစ်ခုလုံးအပေါ် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့သည်။ ထို့နောက် အဆိုပါမူကြမ်းကို လုံး၀ကန့်ကွက်ရသည့်အောက်ဖော်ပြပါ အဓိကအကြောင်းရင်းအချက်(၄)ချက်ကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့ပါသည်-

- ပထမဆုံးအချက်မှာ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းဆုံးဖြတ်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံချင်း၏ လူ့အခွင့်အရေးအခြေအနေကို အထွေထွေညီလာခံ၌ နိုင်ငံဆိုင်ရာ သီးခြားဆုံးဖြတ်ချက် အဖြစ် ထပ်မံတင်သွင်းမှုသည်လုပ်ထုံးလုပ်နည်းအရ လျော်ကန်မှုမရှိကြောင်း၊

- ဒုတိယအချက်မှာ နိုင်ငံတစ်နိုင်ငံချင်းဆိုင်ရာလူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်များတင်သွင်းမှုသည် ယင်းနိုင်ငံများကို ရွေးချယ်ဖိအားပေးရန် နိုင်ငံရေးအရဆောင်ရွက်မှု သက်သက်ဖြစ် ကြောင်း၊

ပွင့်လင်းမြင်သာမှုကင်းမဲ့

- တတိယအချက်မှာ ယခုဆုံးဖြတ်ချက်မူကြမ်းသည် အင်အားနည်းသည့် ပစ်မှတ်တစ်ခုအပေါ်ပူးတွဲအဆိုရှင်နိုင်ငံများ၏ ရန်လိုမှုနှင့် အာဏာရှင်ဆန်မှုကို ရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းဖြစ် ကြောင်း၊ ပူးတွဲအဆိုရှင်များအပြင်အခြားစိတ်ဝင်စားသည့် နိုင်ငံများနှင့် ဆွေးနွေးမှုတစ်စုံတစ်ရာမရှိဘဲ ဆုံးဖြတ်ချက်မူကြမ်းကိုအတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းခဲ့ခြင်းသည် အထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်းကိုဖောက်ဖျက်ခြင်းဖြစ်ပြီး ပွင့်လင်းမြင်သာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း၊

- ဆုံးဖြတ်ချက်မူကြမ်း၏ ခေါင်းစဉ်မှာ ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ’ ဖြစ်သော်လည်း မူကြမ်း၏ ၉၀% သည် ရခိုင်ပြည်နယ်ရှိမွတ်စလင်များ၏ အခွင့်အရေးများကိုသာ အသားပေးထားကြောင်း၊ မူကြမ်းတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၏ အထောက်အထားခိုင်လုံမှုမရှိသည့် အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို သိမ်းကျုံးဖော်ပြထားကြောင်း၊ လူ့အခွင့်အရေးကိစ္စထက်ကျော်လွန်သော ကိစ္စရပ်များ ပါဝင်သည့်စာမျက်နှာ(၈)မျက်နှာရှိသော ယင်းဆုံးဖြတ်ချက်မူကြမ်းသည် ပုံမှန်ထက် သာလွန်ထူးကဲလျက် နိဒါန်းပျိုးစာပိုဒ်(Preamble) ၂၈ ပိုဒ်နှင့် ဆောင်ရွက်မှုဆိုင်ရာ(Operative) စာပိုဒ် ၂၀ပါဝင်သော်လည်း ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ရေရှည်တည်တံ့မည့် ဖြေရှင်းမှုများရရှိရန် မြန်မာအစိုးရ၏ မဆုတ်မနစ်ကြိုးပမ်းမှုများကို ကြိုဆို၊ အသိအမှတ်ပြုသည့် စာပိုဒ်တစ်ပိုဒ်မျှ ပါဝင်သည်ကို မတွေ့ရှိရကြောင်း၊

- ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို တင်သွင်းဖော်ပြထားခြင်း မရှိကြောင်း၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မြန်မာအစိုးရ၏မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများကိုထောက်ခံအားပေးမှုမရှိကြောင်း၊ စိတ်ခံစားမှုဇာတ်ကြောင်းများကိုသာ အခြေခံထား သည့် ဆုံးဖြတ်ချက်မူကြမ်းသည် မြန်မာနိုင်ငံအပေါ်နိုင်ငံတကာဖိအားများ ပိုမိုကျရောက်ရန် ရည်ရွယ်ပုံရကြောင်း၊ ရခိုင်ပြည်နယ်ရှိ မတူညီသည့် အသိုက်အဝန်းများအကြားသာမက မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတို့အကြားအယုံအကြည်ကင်းမဲ့မှုနှင့် စိတ်ဝမ်းကွဲမှုကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ ပဋိပက္ခအတွက် အဖြေ၊နားလည်မှုနှင့် ပြန်လည်သင့်မြတ်မှုတို့ကို ရှာဖွေရမည့်အစား ဒဏ်ခတ်လိုမှုနှင့် အပြစ်ပေးလိုမှုတို့နှင့်သာ ပြည့်နှက်နေကြောင်း၊

မသိကျိုးကျွန်ပြုထား

- ထို့ပြင် ဆုံးဖြတ်ချက်မူကြမ်းသည် လက်ရှိလူသားချင်းစာနာမှုပြဿနာ၏ အကြောင်းရင်းမှန်ဖြစ်သော အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှုကိုရည်ရွယ်ချက်ရှိရှိ မသိကျိုးကျွန်ပြုထားကြောင်း၊၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ဩဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အာဆာ(Arakan Rohingya Salvation Army- ARSA) အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်၌ အလွန်ဆိုးရွားသည့် လူသားချင်းစာနာမှုအခြေအနေများဖြစ်ပေါ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့သာမက ရခိုင်ပြည်နယ်တောင်ပိုင်း လုံခြုံသည့်နေရာ များသို့ပါ ပြည်သူအမြောက်အမြား ထွက်ပြေးခဲ့ကြရကြောင်း၊ အာဆာအဖွဲ့ကို အယ်ကိုင်းဒါး၊ ISILနှင့် Tehrik-e-Taliban Pakistan (TTP)အဖွဲ့စသည့် ပြည်ပ အကြမ်းဖက်အဖွဲ့များက ပံ့ပိုးပေးနေသည်ဟု သိရှိရကြောင်း၊ ဆုံးဖြတ်ချက်မူကြမ်း၌ အာဆာအကြမ်းဖက်သမားများ၏ ကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားမှုသည် ပူးတွဲအဆိုရှင်များ၏ ဆန္ဒအမှန်နှင့် ရိုးသားမှုအပေါ် ကြီးမားသည့် သံသယပွားစေကြောင်း၊

လိုတစ်မျိုး-မလိုတစ်မျိုး

- စတုတ္ထအချက်မှာ ပြီးခဲ့သော ဆယ်စုနှစ်(၃)စုအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်မှုသည်လိုတစ်မျိုး-မလိုတစ်မျိုး စံနှုန်းနှစ်မျိုးကျင့်သုံးမှု များ(Double Standards)ဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ဘက်မလိုက်မှု၊ တိကျသေချာမှုရှိရေး၊ရွေးချယ်ဆောင်ရွက်ခြင်းမပြုရေး၊ နိုင်ငံရေးအရလှုံ့ဆော်မှုမပြုရေး၊ အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရေးများအပါအဝင်တည်ရှိဆဲမူများကို လုံး၀လျစ်လျူရှုထားကြောင်း၊

ထို့နောက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အဆိုပါဆုံးဖြတ်ချက်ကို ထောက်ခံမဲအများစုဖြင့် အတည်ပြုပြီးနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့ရာတွင်၊ နိုင်ငံတစ်နိုင်ငံချင်းကို ဦးတည်သည့် ဆုံးဖြတ်ချက်များတင်သွင်းချမှတ်မှုနှင့် နိုင်ငံရေးအရ လှုံ့ဆော်မှုရှိပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်စောင်းနင်း ခွဲခြားဆက်ဆံသည့်ယခုကဲ့သို့ ဆုံးဖြတ်ချက်မူကြမ်းအား ဆန့်ကျင်သည့်မူ ကို ဖော်ပြခဲ့ကြသော ကိုယ်စားလှယ်အဖွဲ့အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ကုလသမဂ္ဂစနစ်၏ အဓိကအုပ်စုများက အင်အားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် နိုင်ငံရေးအရ အကွက်ချပုံဖော်ရန် ကြိုးပမ်းမှုကို ရဲဝံ့စွာဆန့်ကျင်ကာ မိမိတို့နှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်မဲနှင့် ကြားနေမဲပေးခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များကို လည်းကောင်း၊ ပါဝင်မဲပေးခြင်းမပြုခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များကိုလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက် စုစုပေါင်း(၂၄)ခုကို ၁၉၉၁ ခုနှစ်မှ စ၍တတိယကော်မတီ၌ အတည်ပြုခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ဩဂုတ်လတွင် အာဆာအကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေးကောင်စီ၌ ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ အစည်းအဝေး (၁၅)ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေး ကောင်စီ၌ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၏အခွင့်အရေးများနှင့် ပတ်သက်၍ အစည်းအဝေး(၇)ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်(၃)ခုကို အတည်ပြုခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကို ကုလသမဂ္ဂ ယန္တရား(၇)ခုက လေ့လာစောင့်ကြည့်လျက်ရှိကြောင်း (လူ့အခွင့်အရေးကောင်စီ၊ အထူးအစီရင်ခံစာတင်သွင်းသူ၊နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊ လက်ရှိဖော်ဆောင်ဆဲ လွတ်လပ်သော ယန္တရား၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အထွေထွေညီလာခံ တတိယကော်မတီနှင့် လုံခြုံရေးကောင်စီတို့ဖြစ်ကြောင်း)ပြောကြားခဲ့ပါသည်။

ထောက်ပြပြောကြား

ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်က အထူးအစီရင်ခံစာ တင်သွင်းသူ၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)နှင့် လက်ရှိဖော်ဆောင်ဆဲ လွတ်လပ်သောယန္တရားစသည့် ယန္တရား(၄)ခုအတွက် ၂၀၁၈-၂၀၂၀ခုနှစ် ကုလသမဂ္ဂ၏ အသုံးစရိတ်ခွဲဝေချထားမှုသည်အမေရိကန်ဒေါ်လာ ၂၈,၆၀၈,၆၀၀ ရှိကြောင်း၊ လက်ရှိဖော်ဆောင်ဆဲ လွတ်လပ်သော ယန္တရားတစ်ခုတည်းအတွက် လက်ထောက်အတွင်းရေးမှူးချုပ်ကဦးဆောင်သည့် ဝန်ထမ်း(၆၂)ဦး လိုအပ်ပြီး နှစ်စဉ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၆,၇၃၃,၈၀၀ရှိကြောင်း၊ ကုလသမဂ္ဂ၏ ရှားပါးသည့်ငွေကြေးအရင်းအမြစ်များကို ကမ္ဘာတစ်ဝန်း အကူအညီအလိုအပ်ဆုံးဖြစ်သည့် ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သည့်သူများအား အကူအညီပေးရာတွင် အသုံးပြုသွား သင့်ကြောင်းထောက်ပြပြောကြားခဲ့သည်။

မမှန်ကန်သည့် ရည်ရွယ်ချက်ရှိသော၊ ရွေးချယ်ဆောင်ရွက်သော၊ နိုင်ငံရေးအရ လှုံ့ဆော်မှုများ ပါဝင်သော ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံအတည်ပြုခြင်းသည် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရန် မိမိတို့၏ကြိုးပမ်းမှုများကို အထောက်အကူမဖြစ်စေဘဲ နိုင်ငံအတွင်း ကိုးကွယ်ယုံကြည်မှု မတူညီသည့် အသိုက်အဝန်းများအကြား အယူဝါဒကွဲပြားမှုများနှင့် တင်းမာမှုများ ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်နိုင်ငံတကာအသိုက်အဝန်းအကြား အယုံအကြည်ကင်းမဲ့မှုကို ပိုမိုဆိုးရွားစေလိမ့်မည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး၊ သဟဇာတရှိစေရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မြှင့်တင်အားပေးသင့်ပြီး အမုန်းတရား၊ အယုံအကြည်ကင်းမဲ့မှုနှင့် အယူဝါဒကွဲပြားမှုတို့ကို အားမပေးသင့်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။

ထပ်လောင်းအတည်ပြု

နိဂုံးချုပ်အနေဖြင့် မြန်မာပြည်သူများသည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် (၅၄)သန်းသော ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်အမြဲ စည်းလုံးညီညွတ်လျက်ရှိကြကြောင်း၊ ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ၏ အားပေးကူညီမှုနှင့် စိတ်ကောင်းစေတနာများဖြင့်မိမိတို့သည် မဆုတ်မနစ်သည့် ဇွဲလုံ့လဖြင့် ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း အမြဲတမ်းကိုယ်စားလှယ်က ထပ်လောင်း အတည်ပြုပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်