တကယ်တော့ ဘာလုပ်ရမယ်ဆိုတာ အသေးစိတ် ပြင်ဆင်ဆောင်ရွက်မှုတွေရှိပြီးသားဖြစ်တဲ့အတွက် ဒါတွေကို အထမြောက်အောင်၊ ပုံစံတကျဖြစ်အောင် ဘင်္ဂလားဒေ့ရှ်ကို ပူးပေါင်းပါဝင်ပါလို့ တိုက်တွန်းချင်ပါတယ်

Printer-friendly versionSend by email

တကယ်တော့ ဘာလုပ်ရမယ်ဆိုတာ အသေးစိတ် ပြင်ဆင်ဆောင်ရွက်မှုတွေရှိပြီးသားဖြစ်တဲ့အတွက် ဒါတွေကို အထမြောက်အောင်၊ ပုံစံတကျဖြစ်အောင် ဘင်္ဂလားဒေ့ရှ်ကို ပူးပေါင်းပါဝင်ပါလို့ တိုက်တွန်းချင်ပါတယ်

စစ်တွေ နိုဝင်ဘာ ၁၆

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ကျွန်တော်တို့ နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေတွေရှိပါတယ်။ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒီနိုင်ငံထဲလာရင် အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ဒီမှာရှိတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ရမှာဖြစ်ပါတယ်။ဥပဒေတွေကိုကျော်လွန်သွားရင်တော့ Safe ဖြစ်ချင်မှဖြစ်မယ်။ ဥပဒေအတိုင်းနေထိုင်ရင် Safe မဖြစ်စရာအကြောင်းမရှိတဲ့အတွက်ကြောင့် ဥပဒေနဲ့အညီနေထိုင်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။

၎င်းက “ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း နေရပ်စွန့်သွားတဲ့သူတွေကို စွန့်ခွာတဲ့အချိန်မှာပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ဒီနိုင်ငံမှာနေခဲ့တဲ့သူတွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားရရင် သူတို့ရဲ့ ဆန္ဒအလျောက် ပြန်လာချင်ရင် လက်ခံရမယ်။ ဆန္ဒအလျောက် ပြန်လာချင်တဲ့သူတွေ အကုန်လုံးကို လက်ခံမယ်။ အဲဒီအတိုင်း ကြေညာပြီးသားပါ။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ပြန်လည်လက်ခံရေး၊ပြန်လည်နေရာချထားရေး ကော်မတီတွေဖွဲ့ထားပါတယ်။

“ဒီနေ့ ဘာကြောင့် နေရပ်စွန့်ခွာသူတွေ ပြန်မလာတာလဲ။ ပြန်လည်လက်ခံရေး အတွက်ကို UNHCR၊UNDP နဲ့ ကျွန်တော်တို့ MoU လက်မှတ်ထိုးထားပါတယ်။လက်မှတ်ထိုးထားတဲ့အထဲမှာ ကျွန်တော်တို့ရဲ့ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကိုကူညီပေးဖို့၊ ပံ့ပိုးပေးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ပါပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေလည်း စနေပါပြီ။ ဒီဘက်မှာ လက်မှတ်ထိုးထားသလို ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း UNHCR ၊ UNDP နဲ့ လက်မှတ်ထိုးထားပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်လာဖို့အတွက်ကို အကုန်လုံးက ဝိုင်းဝန်းကူညီကြရမယ်။

“ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ Joint Working Group  တွေ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့တွေခဏခဏတွေ့ဆုံကြပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တာက အောက်တိုဘာလ ၃၀ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေစပြီး ပြန်ပို့ဖို့အတွက် အစီအစဉ်စတော့မယ်ဆိုတာကိုသတင်းပို့ပါတယ်။ စာရင်းတွေပေးပါတယ်။ အဲဒီထဲကနေ ၂၂၆၁ ဦးက လက်ခံနိုင်တဲ့ သူတွေဖြစ်ပါတယ်။ ဒီလူတွေဟာ တကယ်ပြန်လာချင်တဲ့သူတွေ ဟုတ်ရဲ့လားဆိုတာကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

“ဒီနေ့ဖြစ်တဲ့ အဖြစ်အပျက်ကိုကြည့်ရင် မလာချင်ဘူး။လာချင်တယ်ဆိုတဲ့လူတွေ ရောနေပါတယ်။ တကယ်တော့UNHCR  ရဲ့ ကူညီပါဝင်မှု ပါရပါမယ်။ UNHCR ဆိုတာ Refugee  တွေကို ပြန်လည်ပို့ဆောင်တဲ့နေရာမှာ အဓိကအရေးကြီးတဲ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီ ၂၂၆၁ ဦးစာရင်းကို UNHCR ကိုပေးထားတယ်လို့ ပြောပါတယ်။ UNHCR ကို ပေးထားရင် UNHCR ဟာ တကယ်ပဲ လာချင်တဲ့သူတွေဟုတ်ရဲ့လားဆိုတာကို စိစစ်ပေးရမှာဖြစ်ပါတယ်။ စိစစ်ပေးပြီးမှ အဲဒီစာရင်းအတိုင်းကို ဒီနေ့တော့ ၁၅၀ ဘယ်သူတွေပို့မယ်။ နောက်တစ်နေ့ ကျရင် ဘယ်လို။ ဒီလိုဖြစ်ရပါမယ်။ကျွန်တော်တို့ကလည်း အဲဒီလိုပဲမျှော်လင့်ပြီးတော့ စောင့်နေပါတယ်။

“မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ လက်ခံရေးလုပ်ငန်းတွေ လုပ်ဖို့ညှိထားပါတယ်။ ရေလမ်းက ပို့ပို့၊ ကုန်းလမ်းက ပို့ပို့၊ တစ်ပြိုင်နက်ပို့ပို့ အကုန်အဆင်သင့်ပဲဆိုပြီးတော့ တောင်ပြိုလက်ဝဲကို သဘောတူခဲ့ပါတယ်။ အဲဒီမှာလည်း ဘယ်လိုလက်ခံမလဲ၊ ဘယ်လူကြီးတွေရှိမလဲဆိုလို့ ကျွန်တော်တို့ဘက်က တာဝန်ရှိတဲ့သူတွေအကုန်လုံးရှိပါမယ်လို့ပြန်ကြားခဲ့ပါတယ်။

“တကယ်ပို့မယ်ဆိုတော့ ကျွန်တော်တို့က ပုံစံကျလွှဲပြောင်းပေးမှုလို့ ယူဆပြီး စောင့်နေပါတယ်။ ဒါပေမယ့်မဟုတ်ဘူးဖြစ်နေပါတယ်။ ဒါကို UNHCR ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ပံ့ပိုးကူညီပေးဖို့ကောင်းပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ကျကျနနပြည့်ပြည့်စုံစုံဆောင်ရွက်ပြီး ပို့ဖို့ကောင်းတယ်။ ကျွန်တော်တို့က အဲဒီလိုပဲ မျှော်လင့်ပါတယ်။

“ဥပဒေကို ကိုင်စွဲသုံးနေတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကလည်း ဥပဒေကိုလိုက်နာရပါမယ်။ ဥပဒေကိုချိုးဖောက်ရင် အရေးယူခံရပါမယ်။ အရေးယူ ဖို့အတွက် ကိုလည်းဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်နေတယ်။ နောက်ကိုလည်းဒီအတိုင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကအာမခံချက်တွေပေးပြီးသားဖြစ်ပါတယ်။ ဥပဒေချိုးဖောက် ခဲ့တဲ့သူတွေကို ဖော်ထုတ်နေပါတယ်။ အခု လွတ်လပ်သောကော်မရှင်ကိုလည်း ဖွဲ့ပြီးပါပြီ။ ကော်မရှင်ကလည်းလေ့လာနေပါတယ်။ အဲဒီမှာပေါ်လာရင်လည်း အရေးယူမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အစိုးရ စပြီးတက်ကတည်းက လူတိုင်းအခြေခံလူ့အခွင့်အရေး ရရှိရေး၊ လူ့ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့အသိုင်းအဝိုင်းဖော်ဆောင်ရေးကိစ္စကို ဆောင်ရွက်နေပါတယ်”  ဟု ပြောသည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက မေးမြန်းသည့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဆန္ဒပြသူများနှင့် နိုင်ငံတကာက တောင်းဆိုနေတဲ့ အချက်များ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဒေသခံများအား ပွင့်လင်းမြင်သာစွာ ချပြခြင်း ရှိ၊ မရှိ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အချိန်ကန့်သတ်ထားမှု ရှိ၊ မရှိနှင့် ပြန်လည်နေရာချထားမှု၊ နေရာလျာထားမှုအခြေအနေတို့ကို မေးမြန်းကြသည်။

ယင်းမေးမြန်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက “ အစိုးရလုပ်ဆောင်နေတဲ့လုပ်ငန်းတွေကို ဒေသခံပြည်သူတွေဆီကို ချပြတာမရှိဘူးဆိုတာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတိုင်းကို ပြည်ထောင်စုလွှတ်တော်မှာလည်းအမြဲတမ်းတင်ပြတာရှိသလို ရခိုင်ပြည်နယ်လွှတ်တော်ကိုလည်း သုံးကြိမ်သွားရောက် ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေ အကုန်လုံးကို ပြောပြထားပါတယ်။

“အစိုးရက လုပ်နေတာ ဘာတွေလဲဆိုတာကို လေ့လာဖို့လိုပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်နေတာတွေဟာတစ်ပြည်နယ်လုံး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပါတယ်။ ပြန်မလာတဲ့သူတွေကို ဘယ်ချိန်အထိစောင့်ရမလဲဆိုရင် ပြန်လာတဲ့သူတွေကိုSafe and Dignified ဖြစ်တဲ့အတွက် ပြန်လာချင်တဲ့အချိန်ပြန်လာလို့ရပါတယ်။ ဒါပေမယ့် မြန်အောင်တော့ လုပ်ဖို့လို ပါတယ်။ အဲဒီအတွက် အဆင်ပြေအောင်လည်း ကျွန်တော်တို့လုပ်ထားတယ်။ အာဆီယံကလည်း ပံ့ပိုးကူညီနေပြီ။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ညနေ ၄ နာရီလောက်က သတင်းစာရှင်းလင်းပွဲလုပ်တယ်။ အဲဒီမှာလည်းသူတို့က အထူးအထွေတော့မပြောဘူး။ ဒီနေ့တော့ဒီလုပ်ငန်းစဉ် မဖြစ်ခဲ့ဘူးဆိုတာပဲ ပြောတယ်လို့ ကြားသိရပါတယ်။ ဟိုသတင်း ဒီသတင်းတွေကတော့ အမှန်အမှားမသိနိုင်ပါဘူး။ တရားဝင်တော့ မသိရသေးပါဘူး။

“ကျွန်တော်တို့တစ်ရက်ကို ၁၅၀ လက်ခံမယ်။ သူတို့ရဲ့ဝင်ရောက်လာမှုအပေါ်မှာ မူတည်တယ်။ ဘယ်အချိန်လောက်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ကတော့ အပြစ်တင်တဲ့ အလုပ် တွေကို မလုပ်ပါဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ပဲ တိုက်တွန်းတယ်။ တကယ်တော့ ဘာလုပ်ရမယ်ဆိုတာ အသေးစိတ်ပြင်ဆင်ဆောင်ရွက်မှုတွေရှိပြီးသားဖြစ်တဲ့အတွက် ဒါတွေကို အထမြောက်အောင်၊ ပုံစံတကျဖြစ်အောင် ဘင်္ဂလားဒေ့ရှ်ကို ပူးပေါင်းပါဝင်ပါလို့ တိုက်တွန်းချင်ပါတယ်။

“၄၂ နေရာမှာ နေရာချထားမယ်။ ကျွန်တော်တို့တစ်ဆင့်ပြီး တစ်ဆင့် သွားနေတာဖြစ်တဲ့အတွက်ကြောင့်လုံခြုံမှု၊ စိတ်ချရမှုကို နံပါတ်တစ်ထားပါတယ်။ စိုးရိမ်ပူပန်မှုတွေကို အလေးထားပါတယ်။ ကျွန်တော်တို့ သတင်းတွေကြားနေတာ ဒုက္ခသည်စခန်းတွေမှာ ပြန်ချင်တယ်လို့ပြောတဲ့သူကို တားမြစ်တယ်။ ပုံစံဖြည့်မယ်ပြောရင် သူတို့မှာ ပုံစံဖြည့်ဖို့အတွက် လက်ထဲမှာမရှိဘူး။ ပုံစံဖြည့်ခွင့် ဘယ်လိုမှ မရနိုင်ဘူး။ ပြန်ချင်တယ်လို့ပြောရင် အပြစ်ရှာတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်။ သတ်ပစ်တဲ့အထိ အဲဒီဘက်တွေမှာ လုပ်နေတယ်လို့ သိရတယ်။ အဲဒါတွေကြောင့်ပြန်လာချင်သော်လည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ဟိုဘက်မှာခံစားနေရတယ်။ ဒီဘက်ကို မယုံလို့ မလာချင်လို့မဟုတ်ဘူး။ ယုံပြီးလာချင်တဲ့သူတွေ အများကြီးရှိတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးစိုးအောင်၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။