ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဆောင်ရွက်သွားရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆုံးဖြတ်ထား

Printer-friendly versionSend by email

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဆောင်ရွက်သွားရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆုံးဖြတ်ထား

နေပြည်တော် နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအနက် စိစစ်ပြီးသူများအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ပြန်လည်လက်ခံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ သဘောတူထားပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ သဘောတူထားသည့်အတိုင်း တစ်ရက်လျှင်နေရပ်စွန့်ခွာသူ ၁၅၀ နှုန်းဖြင့် လက်ခံသွားရန် မြန်မာနိုင်ငံဘက်မှ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်ထား ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ယခုအချိန်အထိ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။ နေရပ်စွန့်ခွာသူအချို့မှာ မြန်မာနိုင်ငံသို့ ပြန်သွားရန် ဆန္ဒမရှိကြောင်း UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရှိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Abul Hassan Mahmood Ali တို့သည် ယင်းကိစ္စနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးထားသည့် လုံခြုံစွာ၊ မိမိသဘောဆန္ဒအလျောက်နှင့် သိက္ခာရှိစွာဖြင့်နေရပ်စွန့်ခွာသူများ ပြန်လာနိုင် ရေး နှစ်နိုင်ငံသဘောတူညီချက်အားအကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားမှုအပေါ်တွင် ထပ်လောင်းကတိကဝတ်ပြုခဲ့ကြပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌လတ်တလောတွင် အခက်အခဲများရှိနေကြောင်း၊ ယင်းအခက်အခဲများမှာ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို လက်တွေ့ကျကျအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တွင်ပါရှိသောလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် တွေ့ရှိရသည့် အားနည်းချက်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို နားလည်ထားကြပါကြောင်း၊ ယင်းသဘောတူညီချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လာမည်ဆိုပါက၎င်းတို့ကိုယ်တိုင် ပြန်လည်သွားရောက်လိုကြောင်း ဆန္ဒပြုရမည့် အပြင် သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းလက်မှတ်ရေးထိုးရန်လည်း လိုအပ်ပါကြောင်း၊ သို့ရာတွင် UNICEF  မှ တွေ့ဆုံမေးမြန်းထားသော ၁၅၀အပါအဝင် နေရပ်စွန့်ခွာသူ ၂၂၆၀ တို့၏ သတ်မှတ် ပုံစံများကို ပေးပို့ရာတွင် ယင်းလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ထားမှုမရှိသည်ကိုတွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံသို့ မကြာသေးမီက ထပ်မံပေးပို့ခဲ့သည့် နေရပ်စွန့်ခွာသူ ၂၂၀၀၀ ၏ သတ်မှတ်ပုံစံများတွင် ၎င်းကာယကံရှင်များကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်ဟု ယူဆပါကြောင်း၊ အလားတူ ဟိန္ဒူဘာသာဝင် ၄၄၀ သည် မိမိသဘောဆန္ဒအလျောက် ဆောလျင်စွာပြန်လာလိုကြောင်း သိရှိရပြီး ၎င်းတို့ကို ပထမအသုတ် စိစစ်လက်ခံရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာမီ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအကုန်ပိုင်း၌သာ ပြန်လည်စတင်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။