ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သီးခြားစီလာရောက်တွေ့ဆုံ

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Japan Heart အဖွဲ့နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ ဖြစ်ကြသော UNHCR၊ UNICEF တို့မှ ဌာနေကိုယ်စားလှယ်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

Japan Heart အဖွဲ့နှင့် တွေ့ဆုံစဉ် မကြာမီကာလကဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး၏ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြသည့် ဆောင်ရွက်ရန်အချက်များအနက် တစ်ခုဖြစ်သည့် မျက်မမြင်အနှိပ်ပညာရပ်စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Japan Heartအဖွဲ့နှင့် ပူးပေါင်းမည့် Blind Medical MassageSystem Development Project ဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာရပ်အား စနစ်တကျ သင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းရေးဆွဲဆောင်ရွက်မည့်ကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာရပ်နှင့်ပတ်သက်၍ အရည်အချင်း သတ်မှတ်စိစစ်ခြင်း ပြုလုပ်၍ ဂျပန်-မြန်မာ Joint Certificate ထုတ်ပေးနိုင်ရေးကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အစီအမံများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်လုပ်ဆောင်မည့် အဆင့်များနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ထို့နောက် UNHCR ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက်လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် UNHCR ဘက်မှ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှင့်ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အပြင် မလေးရှား၊ အိန္ဒိယနိုင်ငံတို့ရှိ ချင်းလူမျိုးများ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိ မြန်မာလူမျိုးများပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များတွင် UNHCR မှ ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ UNICEF ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားလာသော ကလေးအသက် နှစ်နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ်၊Maternal and Child Cash Transfer အခြေအနေများနှင့် ကယား၊ ကရင်၊ ရှမ်းပြည်နယ်များနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများ၊ UNICEF အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (Management Information System) နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေမှု များနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။