မောင်တော၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ညှိနှိုင်းစည်းဝေး

Printer-friendly versionSend by email

မောင်တော၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ညှိနှိုင်းစည်းဝေး

မောင်တော နိုဝင်ဘာ ၄

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို မောင်တောမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ကျော်ဇံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက တစ်ဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးဦးခင်မောင်တင်က ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လိုအပ်သည်များ မှာကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြန်လည်လက်ခံရေး စခန်းတာဝန်ခံများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်လက်ခံရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ နေအိမ်များတည်ဆောက်ထားမှု၊ သောက်သုံးရေရရှိရေးအတွက်ဆောင်ရွက်ထားမှု၊ တစ်ဖက်နိုင်ငံမှဝင်ရောက်လာမည့် သူများအားလက်ခံမည့်နေရာနှင့် ဝန်ထမ်းများ၏အဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် လှဖိုးခေါင်ယာယီလက်ခံရေးစခန်းအတွင်း တည်ဆောက်ထားသည့် နေအိမ်များ၊ ကျန်းမာရေးဆေးခန်း၊ လျှပ်စစ်မီးသွယ်တန်းထားမှု၊လမ်းများ တည်ဆောက်ထားမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။

တစ်ဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူများအား နိုဝင်ဘာ ၁၅ ရက်မှစ၍တစ်ရက်လျှင် လူ ၁၅၀ နှုန်းဖြင့်လူပေါင်း ၂၂၆၀ ကျော်ကို ပထမအသုတ်အနေဖြင့် ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။