ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Printer-friendly versionSend by email

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများပြန်လည်ခေါ်ယူရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် တတိယအကြိမ်မြောက် ပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တက်ရောက်ရန် အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ သွား ရောက်ခဲ့ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ် များ လိုက်ပါသွားကြသည်။

တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဧည့်ဂေဟာ၌ ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှာဟီဒူလ် ဟတ်ခ်တို့ကပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

အဆိုပါအစည်းအဝေးတွင် ပြန်လည်ဝင်ရောက်လာသူများအတွက် အဆင်ပြေစေမည့် ပတ်ဝန်းကျင် ဖန်တီးထားရှိမှု အခြေ အနေ၊ လုံခြုံရေးအစီအမံများ၊ ယုံကြည်မှုတည်ဆောက်ရေး အပါအဝင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆောင်ရွက်ထားမှု အခြေအနေ၊ ပြန်လည်နေရာချထားရေးအစီအမံများ၊ ပြန်လည်ဝင်ရောက်မည့်သူများစိစစ်ရေးလုပ်ငန်းစဉ်၊ NV ကတ်ဆိုင်ရာ အချက်များကိုပြန်လည်ဝင်ရောက်လာသူများအကြား သတင်းဖြန့်ချိပေးရေး၊ ပြန်လည်လက်ခံရေး၊ နေရာချထားရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက် နိုင်ငံများ ပါဝင်နိုင်မည့် အခြေအနေများကိုနှစ်ဖက်အမြင်ချင်းဖလှယ် အသိပေးခဲ့သည်။

အစည်းအဝေးတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို နိုဝင်ဘာလလယ်တွင် ပထမအသုတ် စတင်ဆောင်ရွက်ရန် နှစ်ဖက်သဘောတူခဲ့ကြသည်။ ထို့ပြင်အစည်းအဝေးတွင် နယ်နိမိတ် မှတ်တိုင် ၃၄ နှင့် ၃၅အကြား မြန်မာနယ်နိမိတ်အတွင်း ယာယီနေထိုင်သူများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် UEHRD မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပါအဝင် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊ ကျေးရွာများနေရာချထားမှုနှင့် နေအိမ်များတည်ဆောက်နေမှု အခြေအနေ၊ အသက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအမံများ၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်ရေးလုပ်ငန်းစဉ်များ၊ NV ကတ် ထုတ်ပေးမှုအခြေအနေများကို အသိပေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာအစိုးရ၏ ဒေသနေပြည်သူများ၏လူနေမှုဘ၀တိုးတက်စေရန်၊ ယုံကြည်မှုတည်ဆောက်ရန်၊ အသိုက်အဝန်းများ အကြား သဟဇာတရှိစေရန်၊ကြိုးပမ်းနေမှုများကို ကူညီပေးရန် UNDPနှင့် UNHCR တို့မှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာအုပ်စုများသို့စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းလေ့လာခဲ့မှု အခြေအနေများကိုလည်း အသိပေး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသောစိစစ်ပြီးနေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေမှုကို ထပ်လောင်းပြောကြားခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် နှစ်ဖက်အပြန်အလှန်နားလည်မှု၊ ဓမ္မဓိဋ္ဌာန်ကျကျ အပြုသဘောဆောင်သည့် ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုနှင့်နှစ်နိုင်ငံသဘောတူညီချက်များကို လေးစားလိုက်နာမှုများဖြင့် ပြန်လည် ခေါ်ယူရေး လုပ်ငန်းစဉ်တွင် ကောင်းမွန်သောရလဒ်များ ရရှိစေမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးအပ်ခဲ့သော ၈၀၃၂ဦး စာရင်းတွင် ပါဝင်နေသည့် အကြမ်းဖက်သမားများအပါအဝင် ARSA အကြမ်းဖက်သမားများအား အရေးယူဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တောင်းဆိုခဲ့သည်။

အောက်တိုဘာ ၃၁ ရက်တွင် မြန်မာပူးတွဲလုပ်ငန်းအဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြား ရေးအတွင်းဝန် မစ္စတာ ရှာဟီဒူလ်ဟတ်ခ်နှင့် ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ဝင်များလိုက်ပါလျက် ကော့စ်ဘဇားရှိ ကူတူပါလောင်းစခန်းသို့သွားရောက်ခဲ့သည်။ စခန်းတွင် ကျေးရွာများမှ ကိုယ်စားလှယ်များ၊ နေရပ်စွန့်ခွာသူများအား တွေ့ဆုံ၍ ပြန်လည်ဝင်ရောက်သူများ၏ ဘေးကင်းလုံခြုံရေးဆောင်ရွက်ထားမှုများ၊ ပြန်လည်နေရာချထားရေးအတွက် UEHRD  ၏ ဆောင်ရွက်ထားမှုများ၊ ကျေးရွာများတည်ဆောက်နေမှု၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ၊ ကျန်းမာရေးနှင့် ပညာရေးအစီအမံများ စီစဉ်ထားရှိမှု၊ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်များ၊ NV ကတ်ပြား ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာပူးတွဲလုပ်ငန်းအဖွဲ့ဝင်များသည် အုခိရရှိဘာလူခါလီစခန်းသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။

ထို့ပြင် မြန်မာပူးတွဲလုပ်ငန်းအဖွဲ့ဝင်များသည် ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ်များကိုလည်း စခန်းတွင် သွားရောက်တွေ့ဆုံ ခဲ့ရာ ဟိန္ဒူဘာသာဝင်များက မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားကြသည်။

စတုတ္ထအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးအား မြန်မာနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပမည့်နေ့ရက်နှင့် အချိန်တို့အား သံတမန်လမ်းကြောင်းမှတစ်ဆင့်ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။