ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏(၇/၂၀၁၈)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီ၏လုပ်ငန်း အစည်းအဝေး (၁၆)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားကြုံတွေ့နေရသော လူမှုပဋိပက္ခများ၊ ဖွံ့ဖြိုးမှုနောက်ကျ ကျန်ခဲ့မှုများ၊ လူမှုစီးပွားလိုအပ်ချက်များအတွက် နိုင်ငံတော်အစိုးရစတင်တာဝန်ယူစဉ် ကာလကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။

ရင်ဆိုင်ခဲ့ရ

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဖြစ်စဉ်ဖြစ်ရပ်များ၏ အခြေခံ အကြောင်းအရင်းကို ဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်မှုအရ မစ္စတာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကိုဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊ ကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက်သင့်သည် များကို အကြံပြုခဲ့ပါကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်ခဲ့ရပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါကြောင်း၊ အကြံပေးကော်မရှင်၏အကြံပြုချက် ၈၈ ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ဦးစားပေးအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းဆောင်ရွက်မှုများကို ပြည်သူသို့ အစီရင်ခံ စာ သုံးကြိမ် တင်ပြနိုင်ခဲ့ပါကြောင်း။

ကျော်လွှားနိုင်မည်

ယခုကဲ့သို့ တင်ပြနိုင်ခြင်းသည် ဝန်ကြီးဌာနအသီးသီး၏မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဟန်ချက်ညီညီဆောင်ရွက်နိုင်မှု၊ ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်သူများပူးပေါင်းပါဝင်မှုများ၏ သာဓကတစ်ခုဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုလိုပါကြောင်း၊ ကော်မတီဝင် ဝန်ကြီးဌာနများအနေဖြင့်မိမိတို့ တာဝန်ယူဆောင်ရွက်ရသောလုပ်ငန်းအလိုက် ဒေသဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်း များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုပါ စဉ်းစားပြီးပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ၎င်းအပြင် လုပ်ငန်းများအလိုက် မြေပြင်အထိ ကွင်းဆင်းကာ အခြေအနေမှန်များကို သိရှိအောင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များကို ကော်မတီ အစည်းအဝေးများတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 ယုံကြည်

ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရှင်းလင်းပြောကြားရာတွင် ကော်မတီအနေဖြင့် ပြည်သူကို အစီရင်ခံစာ သုံးကြိမ် တင်ပြနိုင်ခြင်းမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ယနေ့အထိ ဖြေရှင်းဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံတကာအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ပြနေမှု မပြုဘဲ ဆောင်ရွက်မှု အားနည်းချက်များကိုသာဖော်ပြနေကြပါကြောင်း၊ ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်ပိုမို မြှင့်တင်၍ ပိုမိုသိသာထင်ရှားစွာဖော်ပြနိုင်ပါက နိုင်ငံတကာ၏ ဝေဖန်မှုများကိုချေဖျက်နိုင်ပြီး အကူအညီများပိုမိုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

 ရှင်းလင်းဆွေးနွေး

ထို့နောက် အစီအစဉ်အရ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အားသာချက်၊ အားနည်းချက်များ၊ဆောင်ရွက်ရန် ကိစ္စရပ်များကို အသီးသီးရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များအပေါ် အကောင်အထည်ဖော်နိုင်မှု၊ အမှန်တကယ်ပြောင်းလဲမှု၊ ဆောင်ရွက်မှုများတွင်အားနည်းချက်၊အားသားချက် ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းစသည်ဖြင့် ပြည့်စုံစွာဖော်ပြနိုင်ရေး မြေပြင်အထိ ကွင်းဆင်းသွားရောက်စိစစ်ပေးကြပါရန် မှာကြားခဲ့ကြောင်း သိရသည်။