မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေသည့် သတင်းအမှားများကို အမှန်သိရှိစေရန် ဆွေးနွေးပွဲပြုလုပ်

Printer-friendly versionSend by email

မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေသည့် သတင်းအမှားများကို အမှန်သိရှိစေရန် ဆွေးနွေးပွဲပြုလုပ်

ရန်ကုန် အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေသည့် သတင်းအမှားများကို အမှန်သိရှိစေရန်အတွက် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ကြီးမှူး၍ The Hidden Reality of Rakhine Situation Behind The Media Mask ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက အဖွင့်အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် အရေးလေ့လာသူ Mr.Rick Heizman က ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်းပြီး လေ့လာထားရှိမှုကိုဗီဒီယိုဖြင့် ပြသကာ ပစ်ခတ်မှုရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးမောင်မောင်ငြိမ်းက မောင်တောဒေသမြေပြင်ကွင်းဆင်း လေ့လာထားရှိမှုကို ရှင်းလင်းပြောကြားသည်။

အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက“ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေမှာ သတင်းအမှားတွေ ထုတ်လွှင့်နေကြတယ်။ ရခိုင်ဒေသကို မြေပြင်ကွင်းဆင်းပြီး သွားခဲ့တဲ့ပညာရှင်တွေ ရှိတယ်။ သူတို့ရခဲ့တဲ့ သတင်းအမှန်တွေကိုသိစေချင်တယ်။ အဲဒီအတွက် ဒီဆွေးနွေးပွဲကို စီစဉ်ခဲ့တာပါ” ဟု ပြောသည်။

ပါဝင်ဆွေးနွေးသူ ဦးမောင်မောင်ငြိမ်းက “မောင်တောဒေသဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေကရေးသားချက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက တင်ပြတဲ့ အစီရင်ခံစာတွေ ဖတ်ရတာရှိတယ်။ ကျွန်တော် မောင်တောဒေသကို သွားပြီး ဖြစ်ရပ်မှန်ကို မေးမြန်းခဲ့တယ်။တကယ်ဖြစ်ရပ်မှန်တွေ တွေ့လာတယ်။ နိုင်ငံတကာမီဒီယာတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တင်ပြတာတွေနဲ့ဖြစ်ရပ်မှန်တွေက တော်တော်ကွဲလွဲနေတယ်။ အဲဒီကွဲလွဲမှုကိုသိအောင် လာရောက်ဆွေးနွေးတာပါ” ဟု ပြောသည်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့အနေဖြင့် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (International CriminalCourt - ICC)  သို့ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်သော Amicus Curiae (Friend of the Court) စာတမ်းအား တင်သွင်းခဲ့ရာလက်မခံဘဲ ပယ်ချခံခဲ့ရကြောင်း ယနေ့ဆွေးနွေးပွဲမှ သိရသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက “ ပြဿနာက ဘာမှမတုံ့ပြန်ဘဲ နေမယ်ဆိုရင် အထူးသဖြင့် အနောက်မီဒီယာတွေအင်အားများနေတဲ့အချိန် ကျွန်တော်တို့ဘက်က မှန်နေတဲ့အမှန်က အမှား ဖြစ်နေတယ်။ICCကို အပြည်ပြည်ဆိုင်ရာစာတမ်းတင်ခဲ့တယ်။ သူတို့ဘက်က လက်မခံခဲ့ဘူး” ဟုပြောသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့သည် ယခုနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်ဒေသများသို့ မြေပြင်ကွင်းဆင်းသွားရောက်ကာ ၂၀၁၆ ခုနှစ်နှင့်၂၀၁၇ ခုနှစ်များအတွင်း အကြမ်းဖက်သမားများ၏တိုက်ခိုက်ခံရသော ကျေးရွာများသို့ သွားရောက်ကာဒေသခံ ရခိုင်၊ ဗမာ၊ မြိုတိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံကာ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သူတို့အချင်းချင်း ပုံမှန်နေထိုင်ကြတဲ့သူတွေကြားမှာပြဿနာမရှိဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြစ်မှုကျူးလွန်ပြီး ဒီဘက်ကို ထွက်ပြေးလာတဲ့သူတွေက ကြီးစိုးခဲ့တဲ့အနေအထားတွေ့ရတယ်။ အဲဒီလိုဟာမျိုး နိုင်ငံတကာကို ထိထိမိမိ ရောက်အောင်ချပြဖို့ အရေးကြီးပါတယ်” ဟုသေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။