ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့(FFM)၏ ပြောကြားမှုအပေါ် တုံ့ပြန်ပြောကြား

Printer-friendly versionSend by email

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့(FFM)၏ ပြောကြားမှုအပေါ် တုံ့ပြန်ပြောကြား

နေပြည်တော် အောက်တိုဘာ ၂၆

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံ (ကုတ်ဒီဗွား၊ ပြင်သစ်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ)၏ မေတ္တာရပ်ခံချက်အရ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(FFM)ဥက္ကဋ္ဌ မစ္စတာ မာဇူကီး ဒါရုစ်မန်၏ ရှင်းလင်းပြောကြားစေရန် အစည်းအဝေးတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အဆိုပါရှင်းလင်းပွဲကျင်းပမည့်ကိစ္စအပေါ် ဘိုလီးဗီးယား၊တရုတ်၊ အီကွေတိုရီရယ် ဂီနီနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့က လုံခြုံရေးကောင်စီဥက္ကဋ္ဌထံသို့ ကန့်ကွက်စာပေးပို့ခဲ့ခြင်းကြောင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မဲခွဲ ဆုံးဖြတ်မှုပြုလုပ် ခဲ့ရာ ထောက်ခံမဲ(၉)မဲ၊ ကန့်ကွက်မဲ(၃)မဲနှင့်ကြားနေမဲ (၃)မဲတို့ဖြင့် ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသို့ကျင်းပရာတွင် သက်ဆိုင်ရာနိုင်ငံများဖြစ်သော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်း တက်ရောက်ခဲ့ကြပြီး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တက်ရောက်၍ တုံ့ပြန်မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

သဘာပတိကြီးခင်ဗျား

ယနေ့ အောက်တိုဘာလ ၂၄ ရက်သည် ကုလသမဂ္ဂအဖွဲ့ကြီးကိုစတင်တည်ထောင်သည့် (၇၃)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း အခမ်းအနားတစ်ရပ်ကျင်းပခြင်း၊ ကုလသမဂ္ဂ၏လုပ်ငန်းကို အများပြည်သူက ပိုမိုသိနားလည်စေရန် လှုပ်ရှားမှုများပြုလုပ်ခြင်းတို့ဖြင့် ကုလသမဂ္ဂနေ့ကို ဂုဏ်ပြုကျင်းပလျက်ရှိကြောင်း၊ ကုလသမဂ္ဂနေ့သည် ဂုဏ်ယူတန်ဖိုးထားရန်နှင့် အတိတ်ကို အမှတ်ရစေရန် ဆင်နွှဲကျင်းပသည့်နေ့ရက်တစ်ရက်ဖြစ်သကဲ့သို့ ကုလသမဂ္ဂအဖွဲ့ကြီးကို စတင်တည်ထောင်သူများက ကျွန်ုပ်တို့အပေါ် ယုံကြည်အပ်နှံခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးတို့ကို တည်ဆောက်ရန် တာဝန်ဝတ္တရားများကိုမြင့်မြတ်စွာ ထပ်လောင်း သန္နိဋ္ဌာန် ပြု ကြရန် နေ့ရက်တစ်ရက်လည်းဖြစ်ကြောင်း။

သို့ရာတွင် ယနေ့အစည်းအဝေး၌ ကုလသမဂ္ဂ ပဋိညာဉ်၏ ရည်ရွယ်ချက်နှင့် အခြေခံမူများ၊ လုံခြုံရေးကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်လူသားအသိတရား၏ ကြောင်းကျိုးဆီလျော်မှုနှင့် မျှတမှုတို့ကို ပေါ်ပေါ်တင်တင် ဖီဆန်နေကြသည်ကို တွေ့ရသည်မှာ အလွန်စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြောင်း။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က ကိုယ်ပိုင်နိုင်ငံရေးရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကိစ္စကို အပိုင်စီးရန် ပြောင်ပြောင်တင်းတင်းကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှု လျော့ပါးလာ သည်ကို တွေ့မြင်နေရကြောင်း။

လုံခြုံရေးကောင်စီ၏ အစဉ်အလာလုပ်ထုံးလုပ်နည်းများကို အလွဲသုံးစားပြုသည့် ဤမတရားသောလုပ်ဆောင်မှုကို ကောင်စီ၏အခြားအဖွဲ့ဝင်များနည်းတူ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြင်းထန်စွာကန့်ကွက်ကြောင်း။

သဘာပတိကြီးခင်ဗျား

လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့(FFM)ကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် တည်ထောင်စဉ်ကတည်းက အထူးသဖြင့် ယင်းထူထောင်မှုနှင့် လုပ်ပိုင်ခွင့်တို့အပေါ် အထူးစိုးရိမ်မှုများ ကြောင့် ကန့်ကွက်ခဲ့ပါကြောင်း၊ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်အမှတ်၊ ၃၄/၂၂ အရ၊ “မြန်မာနိုင်ငံအထူးသဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များ၏ မကြာသေးမီက လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ကျူးလွန်မှုများ စွပ်စွဲချက်များနှင့်ပတ်သက်၍ ကျူးလွန်သူများကို အပြည့်အဝတာဝန်ယူမှုရှိစေရန်နှင့် ကျူးလွန်ခံရသူများအတွက် တရားနည်းလမ်းတကျဖြစ်စေရန် အခြေအနေနှင့် အချက်အလက်များကို စုဆောင်းရေးအတွက် ဖွဲ့စည်းထူထောင်ရန်” ဟု လုပ်ပိုင်ခွင့်ပေးထားကြောင်း။

အဆိုပါလုပ်ပိုင်ခွင့်တွင် မည်သူကကျူးလွန်သူ၊ မည်သူက ဒုက္ခရောက်သူများဟု ထင်ရှားစွာ သတ်မှတ်ထားပြီးသကဲ့သို့ ဖြစ်ကြောင်း၊ FFMတည်ထောင်မှုတွင် အားနည်းချက်များ၊ ဘက်လိုက်မှုများပါဝင်နေပြီး၊ မူလကတည်းကပင်နိုင်ငံရေးအရ တွန်းအားပေးမှုရှိနေကြောင်း။

ခိုင်လုံမှုမရှိသော ပြောဆိုဖြေကြားချက်များအပေါ်တွင်သာ အခြေခံထားသည့် အစီရင်ခံစာသည် လက်ရှိတင်းမာမှုများကို ဆက်လက်တိုးပွားစေမည်သာမက လူမှုအသိုက်အဝန်းအကြား သဟဇာတဖြစ်စေရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက် ချက်များကိုလည်း နှောင့်နှေးစေမည် ဖြစ်ကြောင်း၊ဤမစ်ရှင်၏ တစ်ဖက်သတ်အစီရင်ခံစာက မိမိတို့ကို စိုးရိမ်မှုကို အတည်ပြုခဲ့ကြောင်း။

ပြီးခဲ့သည့် ဩဂုတ်လ(၂၈)ရက်တွင် ကျင်းပသော လုံခြုံရေးကောင်စီအစည်းအဝေး၌ FFM၏ ရိုးသားဖြူစင်မှုအပေါ် မိမိတို့ သံသယဖြစ်ကြောင်းကိုပြောကြားခဲ့ကြောင်း၊ FFM သည် ၎င်း၏ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီ၌ စက်တင်ဘာလ (၁၈)ရက်တွင် တင်ပြရန်သာဖြစ်သော်လည်းလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တံခါးဖွင့်ဆွေးနွေးပွဲ ကျင်းပ မည့်ရက်မတိုင်မီ တစ်ရက်အလိုဖြစ်သော ဩဂုတ်လ(၂၇)ရက်တွင်ယင်း၏ မတည်းဖြတ်ရသေးသည့် အစီရင်ခံစာကို ကတိုက်ကရိုက်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်မှာ FFM ၏ ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနှင့်သိက္ခာရှိမှုတို့အပေါ် စိုးရိမ် ရမည့်အခြေအနေကို ဖြစ်စေခဲ့ကြောင်း။

FFM ၏ စုံစမ်းစစ်ဆေးမှု နည်းလမ်းသည်လည်း အားနည်းချက်များစွာရှိကြောင်း၊ ကော့ဇ်ဘာဇားရှိ နေရပ်စွန့်ခွာသူများကို ရွေးချယ်၍ မေးမြန်းခြင်း၊ယင်းအရေးကိစ္စပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် NGOများ၊ INGO များနှင့် လူ့အခွင့်အရေးအုပ်စုများထံမှ အချက်အလက်များကိုရယူခြင်းဖြင့် အစီရင်ခံစာကို ပြုစုထားသည့်အတွက် တာဝန်ခံမှုမရှိသည့်လူ့အခွင့်အရေးအုပ်စုအချို့၏ အစီရင်ခံစာပါအချက်များနှင့် ထပ်တူကျနေသည်ကို တွေ့ရကြောင်း။

သဘာပတိကြီးခင်ဗျား

ရခိုင်ပြည်နယ်၏ လက်ရှိလူသားချင်းစာနာမှုအရေးကိစ္စသည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် အာဆာအကြမ်းဖက်အုပ်စုက ရဲကင်းစခန်း(၃၀)နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းကို အစိုးရကအကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သော်လည်း FFM အနေဖြင့် အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပေါ်ပေါ်တင်တင် ထည့်သွင်းမစဉ်းစားသည်ကို အံ့ဩမိကြောင်းနှင့် မွတ်ဆလင်အကြမ်းဖက်များကို အကာအကွယ်ပေးသည့် သဘောပင်ဆောင်နေကြောင်း။

အာဆာအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဟိန္ဒူရွာသားတစ်ရာခန့်အပါအဝင် ရာပေါင်းများစွာသော အပြစ်မဲ့ပြည်သူများ၊ အခြားလူမျိုးစုများနှင့် အစိုးရကိုထောက်ခံသည့် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့သည့် အတွက် ထောင်နှင့်ချီသော အပြစ်မဲ့ပြည်သူများမှာ ရခိုင်ပြည်နယ်ရှိ အခြားဒေသများသို့ ထွက်ပြေးခဲ့ရကြောင်း၊ အလားတူ မွတ်ဆလင် ထောင်ပေါင်းများစွာသည်လည်း တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ယင်းပဋိပက္ခသည် မွတ်ဆလင် အသိုက်အဝန်းတစ်ခုတည်းကိုသာ ထိခိုက်ခြင်းမဟုတ်သည်ကို သဘောပေါက်ကြရန်လိုအပ်ကြောင်း၊ လူ့အခွင့်အရေးကိစ္စ ဆိုပါက အသိုက်အဝန်းနှစ်ခုလုံး၏ လူ့အခွင့်အရေးကို ကြည့်ရန်လိုအပ်ကြောင်း။

ထို့ပြင် FFM အနေဖြင့် အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများကိုသိသာထင်ရှားစွာ တမင်လျှော့လျှော့ပေါ့ပေါ့ ဖော်ပြထားသည့်အတွက် စိတ်ပျက်မိကြောင်း၊ ဤလုပ်ရပ်မှာ အများအမြင်တွင် မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် သမားများ၏လုပ်ရပ်ကို အကာအကွယ်ပေး အသိအမှတ်ပြုသည့်သဘောပင်ဆောင်နေကြောင်း။

အစီရင်ခံစာ၏ စာမျက်နှာ ၁၁ တွင် အာဆာအကြမ်းဖက်အဖွဲ့၏ရက်စက်ကြမ်းကြုတ်မှုများကို တွန့်ဆုတ်စွာဖြင့် ထည့်သွင်းထားသည်ကိုတွေ့ရကြောင်း၊ စာပိုဒ် ၅၄ တွင် ခမောင်းဆိပ်၌ ဟိန္ဒူဘာသာဝင် ၁၀၀ဦးခန့်ကို သတ်ဖြတ်ခြင်း အပါအဝင် အာဆာအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ “FFMအဖွဲ့၏ ကနဦးရရှိသည့် အချက်အလက်များ အရ ဒုတိယအဖြစ်အပျက်(ဟိန္ဒူများသတ်ဖြတ်ခံရမှုကို ဆိုလိုသည်)ကို အတည်ပြုကြောင်း၊သို့သော် ကျူးလွန်သူ အဖြေမပေါ်ကြောင်းနှင့် ယင်းဒေသ၌ အခြားရန်လိုသူများသို့မဟုတ် ပြစ်မှုကျူးလွန်သူအုပ်စုများလည်း ရှိခဲ့သည့်အတွက် ၎င်းတို့ကျူးလွန်ခြင်းလည်း ဖြစ်နိုင်သည်” ဟု ဖော်ပြထားသည်မှာ လွန်စွာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း။

သဘာပတိကြီးခင်ဗျား

တာဝန်ခံမှုနှင့်ပတ်သက်၍ များစွာပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အားလုံးသိရှိကြပြီး ဖြစ်သည့်အတိုင်း မြန်မာအစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတို့တွင် ရခိုင်ပြည်နယ်၌ အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တာဝန်ခံမှုနှင့် ပြန်လည်သင့်မြတ်မှုတို့ရှိစေရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့် ယင်းနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး၊ အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းမည် ဖြစ်ကြောင်း။

မြန်မာအစိုးရအနေဖြင့် လုံလောက်သည့် သက်သေအထောက်အထားရှိပါက မည်သည့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်ကိုမဆိုတာဝန်ခံမှုရှိစေရန် ဆန္ဒရှိသလိုဆောင်ရွက်နိုင်သည့် အနေအထားလည်းဖြစ်ပါကြောင်း။

မစ္စတာ မာဇူကီးက မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်ကြောင်းစွပ်စွဲချက်များအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်း၊အမှန်အားဖြင့် အင်းဒင်ဖြစ်စဉ်အပြီးတွင် လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်ခဲ့သည့် တပ်မတော်နှင့် ရဲဝန်ထမ်းများ၊ အရပ်သားများကို ဥပဒေကြောင်းအရ အရေးယူထားပြီးဖြစ်ကြောင်း။

သဘာပတိကြီးခင်ဗျား

ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက်ဖျက်မှုလုပ်ငန်းများမှာ “လူမျိုးသုဉ်း သတ်ဖြတ်ရန်ရည်ရွယ် သည်” ဟု ကောက်ချက်ချသည့်အပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြတ်သားစွာ ငြင်းဆိုကြောင်း၊ ဥပဒေကြောင်း အရ ခိုင်မာစွာသက်သေမပြနိုင်သည့် စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အခြေအနေများအပေါ်မူတည်၍ ကောက်ချက်ချ ထားခြင်းသာဖြစ်ကြောင်း။

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(ICC)၏ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလ ၆ ရက်တွင် ချမှတ်ခဲ့သော ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်သည့်စီရင်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာပယ်ချခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် ယင်းတရားရုံးအနေဖြင့် မြန်မာနိုင်ငံအပေါ် မည်သို့မျှတရားစီရင်ပိုင်ခွင့်မရှိကြောင်း။

ICC သို့ လွှဲပြောင်းရန် မည်သည့်တောင်းဆိုမှုကိုမဆို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည်မဟုတ်ကြောင်းကို ပြတ်သားစွာပြောကြားလိုကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ခံမှုနှင့်ပတ်သက်၍ စိတ်အားထက်သန်မှုနှင့် စွမ်းဆောင်နိုင်မှုကို ပြသခဲ့ပြီးဖြစ်ကြောင်း။

အခြားအပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းမစဉ်းစားဘဲ တာဝန်ခံမှုကိုသာ ရှေ့တန်းတင်နေခြင်း သည် ဆိုးရွားသည့်အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို မသိကျိုးကျွန် ပြုကာ တစ်ဖက်သတ် အတင်းအကျပ်အရေးယူဆောင်ရွက်မှုများနှင့် နိုင်ငံရေးအရ ပြင်ပဖိအားပေးမှုများသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား တည်ရှိသည့် ကောင်းမွန်သောစိတ်ဆန္ဒနှင့်ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်၏အခြေအနေမှာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မည်သည့်နည်းနှင့်မျှ ခြိမ်းခြောက်ခြင်း မရှိပါကြောင်း၊ ယင်းစွပ်စွဲချက်မှာယထာဘူတမကျသလို၊ အခြေအမြစ်လည်း မရှိကြောင်း၊ ယခုအစီရင်ခံစာမှာ ကြိုတင်စီမံ ဆုံးဖြတ်ထားသည့် အပြုသဘောမဆောင်သည့် အစီရင်ခံစာဖြစ်ကြောင်း။

သဘာပတိကြီးခင်ဗျား

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ကုလသမဂ္ဂနေ့သို့ပေးပို့သည့်သဝဏ်လွှာတွင် ကုလသမဂ္ဂအဖွဲ့ကြီး၏တန်ဖိုးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်ရေးတို့ကို မြှင့်တင်ရန်နှင့် ထိခိုက်နစ်နာမှုများနှင့်ရန်လိုမှုများကို လျှော့ချရန် အတွက် အဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကို မည်သို့အသုံးပြုသွားကြမည့် အပေါ်မူတည်ကြောင်းကို သတိပေးခဲ့ကြောင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း၊ သမာသမတ်ကျခြင်း၊ပညာရှင်ပီသခြင်း၊ အချုပ်အခြာ အာဏာကို လေးစားလိုက်နာခြင်းတို့သည်ကုလသမဂ္ဂအဖွဲ့ကြီး လုပ်ငန်းအောင်မြင်ရေးအတွက် အဓိကသော့ချက်များ ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ခိုင်မာသောဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် အလွန်အရေးကြီးသည့် အခြေအနေ၌သာ ရှိနေသေးသည်ကိုသတိပေးလိုကြောင်း၊ “မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးတွင် အထောက်အကူပြုနိုင် လိမ့်မည်မဟုတ်” ဟု မစ္စတာ မာဇူကီးက ပြောကြားခဲ့ကြောင်း၊ စိတ်ရှည်သည်းခံမှုထားခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို အထောက်အကူပြုနိုင်လိမ့်မည်မဟုတ်ဟု မစ္စတာ မာဇူကီးက ပြောကြားခဲ့ကြောင်း၊ ယင်းအချက်၏ ဆန့်ကျင်ဘက်သည်သာ မိမိတို့အတွက်မှန်ကန်ကြောင်း၊ ဒီမိုကရေစီကို တော်လှန်ရေးတစ်ရပ်ဖြင့် တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သဘောတူညီမှုရရှိရေးမှတစ်ဆင့် ငြိမ်းချမ်းသည့်နည်းလမ်းကို ရွေးချယ်ခဲ့ရာ ကြီးမားသည့် စိတ်ရှည်မှုနှင့် နိုင်ငံရေးအမြော်အမြင်လိုအပ်ကြောင်း။

အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က အောက်တိုဘာလ ၂၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ၎င်း၏မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်၌ ပြည်တွင်းအဖြေရှာနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖြစ်ပေါ်ရန်မှာ စိတ်ရှည်မှုနှင့် ယုံကြည်မှုပိုမိုတည်ဆောက်ရေး လိုအပ်ကြောင်းကို ဖော်ပြခဲ့ကြောင်း။

မိမိတို့အနေဖြင့် ၎င်း၏ ပြောကြားမှုကို အပြည့်အဝ သဘောတူညီကြောင်း၊ စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်းသည် လက်ရှိလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းပြဿနာတစ်ခုလုံးအတွက် ရေရှည် တည်တံ့မည့်အဖြေကို စုပေါင်းရှာဖွေရာတွင် အဓိကသော့ချက်ဖြစ်ကြောင်း၊ ဤနည်းလမ်းသည် မိမိတို့ တစ်မျိုးသားလုံး၏အန္တိမရည်မှန်းချက်ဖြစ်သော စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြောင်း။

သဘာပတိကြီးခင်ဗျား

နိဂုံးမချုပ်မီ ကုလသမဂ္ဂအဆောက်အဦ၌ ကျင့်ဝတ်သိက္ခာကို အလေးမထားသည့် လုပ်ရပ်တစ်ခုကို အသိပေးပြောကြား လိုကြောင်း၊ ပြီးခဲ့သည့်နေ့က လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(FFM) တို့၏အစီရင်ခံစာများကို တင်သွင်းသည့် တတိယကော်မတီမျက်နှာစုံညီ အစည်းအဝေးကျင်းပစဉ် မြန်မာနိုင်ငံနှင့် ပတ်သက်သည့်လက်ကမ်းစာစောင်များကို အစည်းအဝေးခန်းမ(၁)၌ ဖြန့်ဝေသည်ကိုတွေ့ရှိရကြောင်း။

ယင်းလုပ်ရပ်ကို လုပ်ဆောင်သူမှာ စည်းမျဉ်း၊ ဥပဒေကို အလေးမထားသည့် အစိုးရအပေါ် မကျေနပ်သူမဟုတ်သကဲ့သို့ လူ့အခွင့်အရေးလှုပ်ရှားသူလည်း မဟုတ်ကြောင်း၊ ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေး ကောင်စီက ခန့်အပ်တာဝန်ပေးထားသော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ဥက္ကဋ္ဌကြီးသာဖြစ်ကြောင်း၊ ယင်းသို့ သူတော်ကောင်းယောင်ဆောင်မှုများ ကုလသမဂ္ဂအဖွဲ့ကြီးတွင် နေရာရရှိနိုင်သည်မှာ နားမလည်နိုင်အောင်ဖြစ်ရ ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂအပေါ် အရှက်ရစေကြောင်း။

ယင်းလက်ကမ်းစာစောင်များမှာ ကုလသမဂ္ဂအဖွဲ့ဝင်တစ်နိုင်ငံနှင့်ယင်း၏ ခေါင်းဆောင်များကို လုံး၀စော်ကားခြင်းသာ ဖြစ်ကြောင်း၊ကုလသမဂ္ဂဝန်ထမ်းများ၏ကျင့်ဝတ်ကိုကြီးမားစွာဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ယခုလုပ်ရပ်ကို အပြင်းထန်ဆုံးအတိုင်းအတာဖြင့် ပြစ်တင်ရှုတ်ချပါကြောင်း။

ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ခွင့်လွှတ်သည်းခံရေးတို့အတွက်လုပ်ဆောင်နေကြသည့် ကုလသမဂ္ဂ၏အစည်းအဝေး ခန်းမများအတွင်းသို့အမုန်းစကားများနှင့် ရန်စမှုများ ချင်းနင်းဝင်ရောက်လာနေပြီဖြစ်ကြောင်း။

လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုများအတွက် တာဝန်ခံရမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ သင်တို့ပြောကြားဆောင်ရွက်ခဲ့မှု များကို သမိုင်းကအဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်သူများသာလျှင် မိမိတို့၏ကံကြမ္မာကို ဆုံးဖြတ်ကြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။