ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

စစ်တွေ အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့ထက် ထူးခြားပြီး အလွန်ထိလွယ်ရှလွယ်သည့်ဒေသတစ်ခုဖြစ်သည့်အတွက် လုံခြုံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ သိသာမြင်သာသည့်တိုးတက်မှုများ ရှိလာပြီဖြစ်ကြောင်း၊ထိုသို့တိုးတက်မှုများအပေါ်တွင် မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ထိုအပေါ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အခြေခံကျသည့် စီးပွားရေးဖြစ်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဦးစားပေးဆောင်ရွက်နေပါကြောင်း။

ဆောင်ရွက်နိုင်ခဲ့

ရခိုင်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်စပါးစိုက်ဧက ၁၁၀၄၀၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ပုစွန်မွေးမြူရေးကန်ပေါင်း ၆၈၄၂ ကန် စုစုပေါင်း ပုစွန်မွေးမြူရေးဧက ၁၁၀၈၉၅ ဧကမွေးမြူလုပ်ကိုင်လျက်ရှိပြီးစက်ရုံအလုပ်ရုံ ပုဂ္ဂလိကပိုင် စက်ရုံငယ် ၈၅ ရုံဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လမ်းဦးစီးဌာနမှ ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် လမ်းတံတား ၁၅ ခု ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈မတ်လကုန်ထိ MPT GSM စခန်း ၃၂၄ ခုတည်ဆောက်ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာ ဖော်ဆောင်နိုင်မှုအနေဖြင့်အဆောက်အအုံ ၁၇ လုံး၊ အခန်းပေါင်း ၂၁၂ ခန်းတည်ဆောက်နိုင်ခဲ့ပါကြောင်း။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၂၄၇ ခု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

စည်ပင်သာယာရေးလုပ်ငန်းများအနေဖြင့် မြို့ပြလမ်း၊ တံတားနှင့်ရေရရှိရေး ၂၀ ခုကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အခြေခံကျောင်းများအနေဖြင့် အထက ၁၃၆ကျောင်း၊ အထက(ခွဲ) ၁၀၈ ကျောင်း၊ အလက ၁၀၈ကျောင်း၊ အလက(ခွဲ) ၃၀၉ ကျောင်း၊ မူလွန် ၈၂၈ ကျောင်းစုစုပေါင်း ၃၁၉၉ ကျောင်းရှိပါကြောင်း၊ ပြည်နယ်အတွင်းကျန်းမာရေးဝန်ထမ်းများ၏ အခြေအနေမှာ ခွင့်ပြု ၄၃၃၇ဦး၊ ခန့်ထား ၁၇၄၀ ဦး၊ လစ်လပ် ၂၅၉၇ ဦးနှင့် ဒေသန္တရဆေးခန်းတစ်ခု၊ မိခင်နှင့်ကလေးဆေးခန်း ၁၈ ခု၊ ကျောင်းကျန်းမာရေးဌာနလေးခု၊ တိုက်နယ်ကျန်းမာရေးဌာန ၂၁ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၀၀ နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၅၅၈ ခု ရှိပါကြောင်း ပြောကြားသည်။

အကောင်အထည်ဖော်ရန်စီစဉ်

စီမံကိန်းရည်မှန်းချက်အနေဖြင့် ယခင်နှစ် အလားတူကာလအပေါ် တိုးတက်မှုနှုန်း ၃၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီလမှ စက်တင်ဘာလအထိ ၇ ဒသမ ၅ သန်းလျာထားပြီး စက်တင်ဘာ ၂၁ရက်အထိ ၉ ဒသမ ၂၄၁ သန်း ကောက်ခံရရှိပြီး ထုတ်ကုန်စည်းကြပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၇၅သန်းဖြစ်ပြီး သွင်းကုန်စည်းကြပ်တန်ဖိုး ငွေကျပ် ၅၈ ဒသမ၅၉၂ သန်းနှင့် ထုတ်ကုန်စည်းကြပ် ငွေကျပ် ၁၂၆၅ ဒသမ ၈၆၄ သန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း၂၀ နှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၇ခုရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးစရိတ် မိုးချေးငွေအနေဖြင့် တောင်သူ ၁၁၃၁၂၉ ဦးသို့ထုတ်ချေးဧက ၅၆၂၂၈၀ အတွက် ကျပ်သန်း ၈၄၃၄၂ဒသမ ၀၀ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၄ နာရီဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်တွင် ဘူးသီးတောင်မြို့နှင့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလတွင် မောင်တောမြို့တို့၌ ဓာတ်အားရရှိနိုင်ရေးလျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မာန်အောင်ကျွန်း လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေးအတွက် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ပေါ်စကိုဒေဝူးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း။

ဆက်လက်ဆောင်ရွက်

မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်တော်မြို့နယ်နှင့် ပလက်၀မြို့နယ်များတွင် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် နေအိမ်များဆောက်လုပ်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် IDP စခန်း ၁၈ ခု၊အိမ်ထောင်စု ၂၀၅၁၆ စု၊ လူဦးရေ ၁၁၀၀၁၅ ဦး ရှိပါကြောင်း၊ ပိတ်သိမ်းထားပြီးသော IDP စခန်းများမှာ ကျောက်တော်မြို့နယ် နိဒင်စခန်း၊ အိမ်ထောင်စု ၈၅ စု၊လူဦးရေ ၅၈၄ ဦး၊ ကျောက်ဖြူမြို့နယ် ပြင်ဖြူမောင်စခန်းတွင်အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၃၁၈ ဦးနှင့် ရမ်းဗြဲမြို့နယ်အမှတ် ၆ ရပ်ကွက်စခန်း အိမ်ထောင်စု ၉၅ စု လူဦးရေ၁၄ ဦးတို့ ဖြစ်ပါကြောင်း၊ မြေပုံတောင်ပေါ်ရပ်ကွက်စခန်းကို ပိတ်သိမ်းရန်ကျန်ရှိလျက်ရှိပြီး စခန်းပိတ်သိမ်းနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

UEHRD အစီအစဉ်ဖြင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဧပြီ၁၃ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ လက်ခံဆောင်ရွက်ထားရှိသူ ၁၇၁ ဦးရှိပြီဖြစ်ကြောင်း။

ရှင်းလင်းဖြေကြား

မောင်တောမြို့နယ်အတွင်း ပြန်လည်နေရာချထားရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ NGOs များနှင့် နိုင်ငံတကာမှနေအိမ် ၁၅၀၃ လုံးဆောက်လုပ်ရန်လျာထားဆောင်ရွက်ပြီး ဆောက်လုပ်ပြီးစီးသည့် နေအိမ် ၄၇၈ လုံး၊ ဆောက်လုပ်ဆဲနေအိမ် ၈၃၁ လုံးတွင် ၅၈ လုံးမှာ ယခင် UEHRDအစီအစဉ်ဖြင့် ဆောင်ရွက်ရန်လျာထားခဲ့၍ ဆောက်လုပ်ဆဲနေအိမ်စာရင်းတွင် ထည့်သွင်းခဲ့သော်လည်း ယခုအခါအလှူရှင်လိုအပ်လျက်ရှိသဖြင့် ဆောက်လုပ်ဆဲနေအိမ် ၇၇၃ လုံးနှင့် ဆောက်လုပ်ရန်အလှူရှင် လိုအပ်သည့်နေအိမ်မှာ ယခင် ၁၉၄ လုံးဖြစ်ပြီး ယခု ၂၅၂ လုံးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိဒုက္ခသည်များ၊ နေရပ်ပြန်များအတွက် Pre- Fabriied House  အလုံး ၂၅၀ အား ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ပြီး မောင်တောမြို့နယ်ကျေးရွာများတွင် ဆောက်လုပ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

တက်ရောက်

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ RFA၊ MRTV၊ SKYNET၊5 PLUS၊ DNG၊ EPA ၊ Narinjara News စသည့်သတင်းမီဒီယာများမှ သတင်းသမားများ၊ မြို့မိ၊ မြို့ဖများနှင့်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။