မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၆

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (တောင်ပြို-ယာ)မှ ရဲအုပ်မြတ်ဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGBတပ်ရင်း Rejuamtoli ကင်းစခန်းမှ Naib Subedar Md. Abdul Jalil  ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၃၉ မှ ၄၀ ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ကြသည်။

အလားတူ ယင်းနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်က မောင်တောမြို့ နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ရဲမှူးကျော်ဝင်း ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ် အမှတ် (၀၀၁)နှင့် (၀၀၄) နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံBGB(2)မှ Subedar Aloy Sious ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း စံပယ်ပင်ရင်းချောင်း၀ထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၁)၌ တွေ့ဆုံပြီး ရေယာဉ်လေးစင်းဖြင့် နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ရာ နံနက် ၁၁ နာရီတွင် ပြူးမချောင်း၀အနီး ရေမိုင်အမှတ် (၁၄)နှင့် (၁၅)ကြားသို့ ရောက်ရှိ၍ ရေယာဉ်အမှတ်(၀၀၄)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။