လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး၏ သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး၏ သတင်းထုတ်ပြန်ချက်

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တတိယအကြိမ်အစည်းအဝေးကိုအောက်တိုဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပါသည်။

ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်(မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၆)ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်ချုပ်ထွန်းထွန်းညီ တို့နှင့် တွေ့ဆုံခဲ့ပါသည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် ဦးထွန်းမြတ်နှင့်လုပ်ငန်းသဘော တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် လုပ်ငန်းသဘောအရ ဆက်နွှယ်နေသော မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၆ ၏ အတွေ့အကြုံနှင့် လုပ်ငန်းများကို သိရှိခဲ့ကြပါသည်။ တပ်မတော်နှင့် မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၆တို့က လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် သတင်းအချက်အလက် အသေးစိတ်မျှဝေရာတွင် ရိုးသားပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်တို့ကို ကော်မရှင်အနေဖြင့် ကျေးဇူးတင်ရှိပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစပြီး အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ကော်မရှင်သည် တာဝန်ရှိသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သည့် စွပ်စွဲချက်များနှင့် ယင်းတို့နှင့်ဆက်စပ်နေသည့်ကိစ္စရပ်များအပေါ် စုံစမ်းစစ်ဆေးရန်အတွက် ကော်မရှင်အဖွဲ့ဝင်များသည် ၎င်းတို့အဆိုပြုထားသည့် နည်းလမ်းများနှင့်ပတ်သက်ပြီးဆွေးနွေးသဘောတူညီချက်ရရှိခဲ့ကြပါသည်။ စုံစမ်းစစ်ဆေးသင့်သည့် အဓိကအချက်များ၊ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် သတင်းအချက်အလက်နှင့် သက်သေအထောက်အထားများကို စုဆောင်းစိစစ်ရန် ဆပ်ကော်မတီတစ်ခုကို ထူထောင်ပြီး ကနဦးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။ထို့အပြင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ပြန်ကြားရေးနှင့်ဆက်သွယ်ရေး၊ ဥပဒေရေးရာ၊ မှုခင်းရာဇဝတ်မှုနှင့် မှုခင်းဆေးပညာဆိုင်ရာစသော နယ်ပယ်များ၌ ပြင်ပမှ ကျွမ်းကျင်သူများ လိုအပ်မှုအပေါ် ဆွေးနွေးခဲ့ကြသည်။

ကော်မရှင်၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားပြီး ကော်မရှင်၏ဝက်ဘ်ဆိုက်ကို၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်သည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး

နေပြည်တော်

အောက်တိုဘာလ (၇) ရက်၊ ၂၀၁၈