လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် မှ တုံ့ပြန်ပြောကြား

Printer-friendly versionSend by email

လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် မှ တုံ့ပြန်ပြောကြား

နေပြည်တော် စက်တင်ဘာ ၂၀

လူ့အခွင့်အရေးကောင်စီ၏ (၃၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးမှုတစ်ရပ်ကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံတွင် စက်တင်ဘာ ၁၈ ရက် နံနက် ၉နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့သည်။

ယင်းအပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာအပေါ် တုံ့ပြန်ပြောကြားခဲ့သည်။

သံအမတ်ကြီး၏ပြောကြားချက်တွင် အဓိကအားဖြင့် အောက်ပါအချက်များကို အလေးထား ပြောကြားခဲ့သည်-

- ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်ရေးမှာ မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ သို့သော် လူ့အခွင့်အရေးကောင်စီသည် လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) အား ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းကပင် မြန်မာနိုင်ငံက လက်ခံခြင်းမပြုခဲ့ကြောင်း၊ ယင်းအဖွဲ့သည် နိုင်ငံတစ်ဝန်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုလိမ့်မည် မဟုတ်သောကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ယင်းအဖွဲ့ အား လက်ခံခြင်းမပြုခဲ့ခြင်းဖြစ်ပါကြောင်း၊

- ယင်းအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် ရှာဖွေတွေ့ရှိချက်များကိုလည်း လက်ခံသွားမည်မဟုတ်ဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊

- ယင်းအဖွဲ့၏ တည်ထောင်မှု၊ ဖွဲ့စည်းမှုနှင့် လုပ်ပိုင်ခွင့်တို့မှာ သမာသမတ်ကျမှုမရှိနိုင်သကဲ့သို့ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရေရှည်တည်တံ့မည့် အဖြေရရှိရေးအတွက် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများကို အဟန့်အတားဖြစ်လာနိုင်စေမည်ဟု စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း၊

- အဆိုပါအဖွဲ့၏ တစ်ဖက်သတ်အစီရင်ခံစာသည် အစိုးရ၏စိုးရိမ်မှုများကိုသာ ပိုမိုမြင့်တက်စေခဲ့ကြောင်း၊ ယင်းအစီရင်ခံစာသည်ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများ ပေါင်းစည်းနေထိုင်မှုကိုပျက်ပြားစေရုံမျှမက နိုင်ငံတစ်ဝန်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေ မှုများကိုပါ ထိခိုက်စေကြောင်း၊

- FFM အစီရင်ခံစာ၏ သမာသမတ်ကျမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုကိုမေးခွန်းထုတ်ရန် သိသာ ထင်ရှားသော အကြောင်းပြချက်များစွာရှိကြောင်း၊

- အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများနှင့်ပတ်သက်၍ ဖော်ညွှန်းထားသည်မှာ အထင်မြင်လွဲမှားမှုကိုဖြစ်စေကြောင်း၊ ပေါင်းစည်းညီညွတ်ရေးကို အားပေးရမည့်အစားတိုင်းရင်းသားလူမျိုးများအကြား သဘောထားကွဲလွဲစေပြီး နိုင်ငံပြိုကွဲရေးကို အားပေးနေသည့်သဘော သက်ရောက်နေကြောင်း၊

- အစီရင်ခံစာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောခ့်ဘဇားရှိနေရပ်စွန့်ခွာသူများအနက်မှ ရွေးချယ်ထားသည့် လူတစ်စုတစ်ဖွဲ့အား အင်တာဗျူးပြုလုပ်ခဲ့သည့်ရလဒ်များနှင့် အချို့သောအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များထံမှရရှိသည့် သတင်းအချက်အလက်များ အပေါ် အခြေခံထားခြင်းဖြစ်သဖြင့် ယင်းအဖွဲ့၏ စုံစမ်းစစ်ဆေးသည့်နည်းလမ်းသည် အားနည်းချက်များစွာရှိကြောင်း၊

- အစီရင်ခံစာရေးသားသူတို့သည် ကော့ခ်ဘဇားရှိ မွတ်စလင် မဟုတ်သည့် အခြားသော နေရပ်စွန့်ခွာသူများကိုမူ အင်တာဗျူးလုပ်ရန်အလေးထားဆောင်ရွက်မှုမရှိကြောင်း၊

- ၎င်းတို့၏ စွပ်စွဲချက်များမှာလည်း အာဆာအကြမ်းဖက်အဖွဲ့၏စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုနှင့် လွှမ်းမိုးမှုကိုခံနေရသော ဒဏ်သင့်ခံရသည်ဆိုသူများမှ ထွက်ဆိုသော နှုတ်ထွက်စကားများအပေါ်တွင်သာ အခြေခံထားပြီး ခိုင်လုံသောသက်သေအထောက် အထား မရှိကြောင်း၊

- ထိုသို့ ဟန်ချက်ညီမျှမှု၊ သမာသမတ်ရှိမှု၊ တရားမျှတမှုတို့ ကင်းမဲ့နေလင့်ကစား မြန်မာအစိုးရသည် လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော စွပ်စွဲချက်များအားလုံးကို အလေးအနက်ထားရှိပါကြောင်း၊အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လျစ်လျူရှုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊

- မြန်မာအစိုးရအနေဖြင့် တာဝန်ခံမှုနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အကြံပြုချက်များ ချမှတ်ပေးရန် အတွက်လည်းကောင်း၊အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ယင်းနှင့်ဆက်နွှယ်သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ယင်းကော်မရှင်အား ဖွဲ့စည်းခဲ့ပါကြောင်း၊

- မိမိတို့သည်လည်း နေရပ်စွန့်ခွာရသူများအားလုံး အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် စာနာထောက်ထားမှုနှင့်စိုးရိမ်မှုရှိပါကြောင်း၊

- အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

- နေရပ်ပြန်လိုသူများကိုပြန်လည်ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်ဘက်၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအား ဖိအားပေးရန် မလိုအပ်ပါကြောင်း၊စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများကို လက်ခံရန် အသင့်ရှိပါကြောင်း၊

- ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ၏အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုရန် မြန်မာအစိုးရသည် ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊MoUအား အကောင်အထည်ဖော်မှုစတင်လျက်ရှိပြီး ကုလသမဂ္ဂအဖွဲ့များသည် ပထမအဆင့်အနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊

- အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများတွင် လေ့ကျင့်ပေးထားသည့် ခေါင်းဆောင်များနှင့်လေ့ကျင့်ထားခြင်းမရှိသောသာမန်ရွာသားများပါဝင်သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားပါကြောင်း၊ မည်သည့်နိုင်ငံမျှ အကြမ်းဖက်မှုကိုမည်သည့် အခြေအနေ မည်သည့်ပုံစံမျိုးတွင်ဖြစ်စေ လျစ်လျူရှုခြင်းပြုရန် မသင့်ပါကြောင်း၊၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် ဩဂုတ်လများတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်ရှိပြည်သူအားလုံးအတွက် ငြိမ်းချမ်းမျှတ၍ သာယာ ၀ပြောသည့်အနာဂတ်ကိုတည်ဆောက်နေသည့် အစိုးရ၏ကြိုးပမ်းချက်များကို ထိခိုက်စေပါကြောင်း၊

- ပဋိပက္ခ၏သမိုင်းကြောင်းကို သေချာစွာလေ့လာခြင်းမပြုဘဲ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းနှင့်စပ်လျဉ်း၍ တစ်ဖက်သတ်အမြင်အပေါ်အခြေခံထားကြောင်း၊

- ကြီးမားသည့်ဖိအားများပေးခံရမှုကြောင့် FFM အနေဖြင့် ၎င်းတို့ယုံကြည်လိုသောအချက်များကိုသာ အစီရင်ခံစာတွင် ဖော်ပြပြီးမြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်ကိုပင်လမ်းလွဲစေနိုင်သည့် အန္တရာယ်ရှိသောကောက်ချက်များ အလျင်စလို ချမှတ်ထားသည်ကို တွေ့ရှိရကြောင်း၊

- ယခုကာလသည် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်း၍ သာယာ၀ပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကာလ ဖြစ်ကြောင်း၊

- နိုင်ငံ၏ စည်းလုံးညီညွတ်မှုပျက်စီးစေရန် ကြိုးပမ်းမှုဟူသမျှကိုပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ မိမိတို့အနေဖြင့် ခိုင်မာသောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးပန်းတိုင်ကိုရောက်ရှိရန်အတွက် အစဉ်တစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

- အပြုသဘောမဆောင်သောဆောင်ရွက်ချက်များနှင့် ပြစ်ဒဏ်ပေးရန် ဦးတည်သည့်လုပ်ရပ်များမှာ အသိုက်အဝန်းများအကြား ပိုမိုကွဲပြားမှုကိုသာဖြစ်စေပြီး မိမိတို့ဖြေရှင်းလိုသော ပြဿနာ၏အခြေအနေများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအား အမြန်ဆုံးပြန်လည်လက်ခံရေးအတွက် အစိုးရ၏အားထုတ်မှုများကိုလည်း အဟန့်အတားများသာဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိတွင် လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေအား ဖြေရှင်းရေးအပေါ်သာ အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။