ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကနေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အစိုးရအသစ်စတင်တာဝန်ယူ ဆောင်ရွက်စဉ်အချိန်မှစပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပါကြောင်း။

တည်ငြိမ်အေးချမ်းမှုရရှိစေရန် ရေရှည်ပဋိပက္ခကင်းဝေးရေးသည်အရေးကြီးပါကြောင်း၊ ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် အစိုးရအနေဖြင့်နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ပြည်သူ့ ကိုယ်စားလှယ်များသည် ပြည်သူနှင့်အနီးစပ်ဆုံးဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း ဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့်အညီ ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်၍ ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးရန် လိုအပ်ခြင်းဖြစ်ကြောင်း။

ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆွေးနွေးမှုသည်လည်း အရေးကြီးပါကြောင်း။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအောင်မြင်ရန် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲများကို လေးလတစ်ကြိမ် ဆောင်ရွက်လျက်ရှိရာ ယခင်ဆွေးနွေးပွဲ ရလဒ်များ အကောင်အထည်ဖော်နိုင်မှု အခြေအနေများပြန်လည်သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက်ဆောင်ရွက်နေမှုများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များကအကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်မောင်တင်၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့ အစည်း ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။