မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းနှင့် မြေပြင်ကင်းလှည့်ခြင်း ဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းနှင့် မြေပြင်ကင်းလှည့်ခြင်း ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၇

မောင်တောမြို့ နယ်မြေ(၃)၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းကင်းစခန်းမှ ရဲအုပ် ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Shaik Adul Jalil  ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ ဦးသည် စက်တပ်ရေယာဉ် နှစ်စင်းဖြင့် လည်းကောင်း ရေတွင်းပြင်ချောင်း၀အနီး နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီးရေမိုင်အမှတ်(၁၅)၌ တွေ့ဆုံပြီး ရေယာဉ်လေးစင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ရာ သဲချောင်းချောင်း၀အနီး ရေမိုင်အမှတ် (၁၈)သို့ ၁၁ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး ရေယာဉ်အမှတ်(၀၀၂)ပေါ်၌ နှစ်ဖက်ညှိနှိုင်းကင်းလှည့်သည့်အဖွဲ့များတွေ့ဆုံ၍ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီမှ ၁၁ နာရီခွဲတွင်မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရဲစခန်းမှ ဒုတိယရဲမှူးထွန်းထွန်းစိုး ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Chakdhala ကင်းစခန်းမှ Naib Subedar Md. Wares Sarkarဦးစီးအဖွဲ့များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၄၄)မှ (၄၅)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။