ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲ ကျင်းပ

 

နေပြည်တော် ဩဂုတ် ၁၆

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌသံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလိုဦးဆောင်သောအဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲ၌ ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလိုက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မရှင်ကို နိုင်ငံတကာကျွမ်းကျင်သူအပါအဝင် ကိုယ်စားလှယ် လေးဦးဖြင့်ဖွဲ့စည်းထားပါကြောင်း၊ ကော်မရှင်အနေဖြင့် ဩဂုတ်၁၄ ရက်တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံချိန်တွင်ကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များကို ဆွေးနွေးခဲ့သည့်အပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့်ရခိုင်ဒေသတွင် ဆောင်ရွက်နေသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ ပါကြောင်း။

အသေးစိတ်ဆွေးနွေး

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ရခိုင်ဒေသ မှ ရွှေ့ပြောင်းသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့သွားသူများ ပြန်လာရာတွင် မိမိဆန္ဒအလျောက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ရေးနှင့်ပတ်သက်၍ မည်သို့ပြန်လည်လက်ခံမည် ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီးကော်မရှင်နှင့် အစိုးရအကြား အသေးစိတ်ဆွေးနွေးနိုင်ခဲ့ ပါကြောင်း။

 

မြန်မာနိုင်ငံအစိုးရနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ်များ၊ ငြိမ်းချမ်းရေး၊ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ အရေးအကြီးဆုံးတစ်ချက်မှာ ကော်မရှင်ကိုအကူအညီပေးမည့် အတွင်းရေးမှူးအဖွဲ့ကို မည်သို့ဖွဲ့မည်၊မည်သူများပါဝင်မည် ရုံးအဖွဲ့များနှင့်ပတ်သက်ပြီးအသေးစိတ် ဆွေးနွေး နိုင်ခဲ့ပါကြောင်း။

ကော်မရှင်အဖွဲ့၏ လုပ်ငန်းတာဝန် သတ်မှတ်ရာတွင်ပါဝင်သည့် အဓိကအချက်အလက် များတွင် ပထမအချက်မှာ ကော်မရှင်အနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ရက်နှင့် ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် ဖြစ်ပွားသည့်အကြမ်းဖက်မှုများတွင် လူ့အခွင့်အရေး နှင့် ပတ်သက်သည့်အကြမ်းဖက်မှုကိစ္စများနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူများကို စုံစမ်း စစ်ဆေးမည်ဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးသည့်အခါတွင် အကြမ်းဖက်မှုကိစ္စများနှင့် ပတ်သက်ပြီး မည်သူက တာဝန်ရှိသည်၊ မည်သို့အဖြေရှာမည်ဆိုသည်ကိုအကြံပြုချက်များ ရေးမည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရခိုင်ဒေသတွင်ရှိသည့်သူများ၏ ငြိမ်းချမ်းရေး၊လုံခြုံရေးကို သေချာစေရေး မည်သို့ဆောင်ရွက်ပါက မည်သို့အဆင်ပြေနိုင် မည်ဆိုသည့် အကြံပြုချက်များကို အကြံပြုသွားမည်ဖြစ်ပါကြောင်း။

ကော်မရှင်၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များအနေဖြင့် ပထမဦးဆုံးအချက်မှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ပေါ်ပေါက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စနှင့်ပတ်သက်သည့် ကိစ္စရပ် များကို စုံစမ်းစစ်ဆေးရန်နှင့် ထိုသို့စုံစမ်းစစ်ဆေးရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ကိစ္စရပ်များတွင်မည်သူ့တွင် တာဝန်ရှိသည်ဆိုသည်ကို ဖော်ထုတ်မည်ဖြစ်ပါကြောင်း။

 

 

လူသားချင်းစာနာ

ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံအစိုးရ၏၁၉၅၀ ပြည့်နှစ် စုံစမ်းစစ်ဆေးရေးကော်မတီ အက်ဥပဒေကိုမူတည်ပြီး လုပ်ငန်းတာဝန်ကိုရေးဆွဲထားပါကြောင်း၊ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနှင့်နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတို့ကို ကိုးကားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကော်မရှင်အဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ အပါအဝင်အခြားသက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် သတင်းအချက်အလက် တောင်းခံ ခြင်း၊သတင်းအချက်အလက်စုဆောင်းမှုတွင် အထောက်အကူပေးခြင်း၊ သက်သေခံချက် ရယူခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ သက်သေခံ အချက်အလက်များ တောင်းခံသည့်နေရာတွင် သက်ဆိုင်ရာအစိုးရအရာရှိများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုနှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပွင့်လင်းမြင်သာ

စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ကော်မရှင်၏အဖွဲ့ဝင်များနှင့်ဝန်ထမ်းများကို အစိုးရ အနေဖြင့် သင့်တော်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စီစဉ်ပေးရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့သည် သက်ဆိုင်သည့်၊ ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက် အကုန်လုံးကို ရယူခွင့်ရှိပါကြောင်း၊ ယင်းသတင်းအချက်အလက်အကုန်လုံးကိုလည်း အသုံးပြုမည်ဖြစ်ပါကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာများကို စုံစမ်းစစ်ဆေး မည်ဖြစ်ပါကြောင်း၊ကော်မရှင်အနေဖြင့် တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များကိုလည်း တွေ့ဆုံခွင့်ရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် လိုအပ် သည်ဟုထင်မြင်ယူဆပါက သက်ဆိုင်သူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် ကော်မရှင်ကို စာဖြင့်ရေးသားတင်ပြခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်၏ ဆောင်ရွက် ချက်များကိုလွတ်လပ်ခြင်း၊ဘက်လိုက်မှုကင်းခြင်း၊ဓမ္မဓိဋ္ဌာန်ကျခြင်း၊ သမာသမတ်ရှိခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ယုံကြည်စိတ်ချရခြင်းတို့ကို အခြေခံပြီး မူတည်ထားပါကြောင်း။ ကော်မရှင်အနေဖြင့် အဓိကလုပ်ငန်းဖြစ်သည့်အစီရင်ခံစာတင်သွင်းရသည့်အပိုင်းရှိပါ ကြောင်း၊ အစီရင်ခံစာတင်သွင်းသည့်အခါ ကော်မရှင်၏စုံစမ်းစစ်ဆေးလေ့လာတွေ့ရှိ ချက်များအပေါ်အကြံဉာဏ်ပြုပြီးနိုင်ငံတော်သမ္မတထံ တင်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်၏ အတွင်းရေးမှူးရုံးကို မြန်မာနိုင်ငံတွင်ရုံးစိုက်သွားမည်ဖြစ်ပါကြောင်း၊ အတွင်းရေးမှူးရုံးတွင်ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာကျွမ်းကျင်ပညာ ရှင်များကို လိုအပ်သလို ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ပထမဆုံး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ အစီရင်ခံစာများနှင့်လိုအပ်သည့် စာရွက်စာတမ်းများကိုစတင်စုဆောင်းသွားမည်ဖြစ်ပြီးရရှိလာသည့် အချက်အလက်များ အပေါ်မူတည်ကာ သုတေသနလုပ်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် လုပ်ငန်းနှင့် ပတ်သက်သည့် တရားဝင်အင်တာနက်စာမျက်နှာကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏သိရှိလိုသည်များကို ကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီးမစ္စရိုဆာရီယိုမယ်နာလိုနှင့် ကော်မရှင်အဖွဲ့ဝင် သံအမတ်ကြီး မစ္စတာ ကင်ဇိုအိုရှီးမားတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးမြသိန်းနှင့်ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ကြသည်။