နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ကြည့်ရှုလေ့လာ

Printer-friendly versionSend by email

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုများအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ကြည့်ရှုလေ့လာ

 

မောင်တော ဩဂုတ် ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူအာဆန်မာမွတ်အာလီ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ယနေ့နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှစစ်တွေမြို့သို့ မြန်မာအမျိုးသားလေကြောင်းဖြင့် ရောက်ရှိသည်။

 

အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စစ်တွေလေဆိပ် ဧည့်ခန်းမဆောင်၌နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံ သဘောတူစာချုပ်အတိုင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ရေရှည်ရင်းနှီးချစ်ကြည်စွာ ဆက်ဆံရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်အတူ မောင်တောသို့ ဆက်လက်ထွက်ခွာကြသည်။

 

အဆိုပါခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူအဖွဲ့ဝင် ခုနစ်ဦး၊ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါကြသည်။

 

ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တော နယ်စပ်တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းသို့ရောက်ရှိပြီး ပြန်လည်လက်ခံရေး အစီအစဉ်တွင် နှစ်နိုင်ငံသဘောတူထားသည့်အတိုင်း မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံ ရေးစခန်း ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ကြည့်ရှုကြသည်။ ယင်းနောက် နယ်စပ် ခြံစည်းရိုးသို့သွားရောက်ပြီး နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးနှစ်ခုအကြား အဆောက်အအုံများ ဆောက်လုပ်နေထိုင်နေမှုများကို သွားရောက်ကြည့်ရှုကြသည်။

 

စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိ

 

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရလက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြား စခန်းတို့ကို သွားရောက်ကြည့်ရှုကြသည်။ ဆက်လက်၍ ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာတွင်အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသော လူနေအိမ် ၁၄၈ လုံး တည်ဆောက်နေမှု အခြေအနေကိုကြည့်ရှုပြီး မောင်တောဒေသတောင်ပိုင်းရှိ ပန်းတောပြင်၊ ကိုင်းကြီး(မြို)ကျေးရွာများ၌ ဒေသခံပြည်သူများအတွက် နေအိမ်သစ်များ ဆောက်လုပ်ထားရှိမှုကို သွားရောက်ကြည့်ရှုကြသည်။ ထိုမှတစ်ဆင့်စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကာ မြို့တွင်းသို့ လှည့်လည်ကြည့်ရှုသည်။