ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ UEHRD မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

Printer-friendly versionSend by email

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ UEHRD မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

 

နေပြည်တော် ဩဂုတ် ၁၀

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူအာဆန်မာမွတ်အာလီနှင့် အဖွဲ့ သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)မှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၌ လာရောက်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ UEHRDအား ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့ဖြင့် စီမံကိန်းများဆောင်ရွက်နေမှု၊နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး အတွက် နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း စီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအား တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် နေသည့်ကိစ္စများ၊အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့၏ အကူအညီဖြင့် ပြန်လည်နေရာချထားရေး အတွက်အိမ်ရာများတည်ဆောက်နေမှု၊ နိုင်ငံတော်အစိုးရ၊ UNHCR နှင့် UNDP တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် နည်းပညာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ရခိုင် ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများနှင့် ရခိုင်ပြည်နယ်တစ်ခုလုံး ရေရှည်ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခကင်းဝေးရေးအတွက် UEHRDစီမံကိန်းကို Public Private Partnership ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအနက် အချက် ၈၀ ကျော်အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြပြီး နေရပ်စွန့်ခွာသူများပြဿနာကို နှစ်နိုင်ငံမိတ်ဆွေကောင်း စိတ်ဓာတ် ဖြင့် ပူးတွဲဖြေရှင်းနိုင်ရေး အလေးထားဆွေးနွေးခဲ့ကြသည်။

 

တက်ရောက်

 

အဆိုပါအစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် နိုင်ငံကူးလက်မှတ်ဌာန၊ ဘင်္ဂလားဒေ့ရှ် သဘာ၀ဘေးစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ဒုက္ခသည်များ အကူအညီပေးရေးနှင့် ပြန်လည်လက်ခံရေးမဟာမင်းကြီးရုံးတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံဘက်မှ UEHRD ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ၏သတင်းနှင့် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဦးကျော်မြိုင်၊ UEHRD ဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။