ပြည်တွင်းသတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ မြေပြင်ကွင်းဆင်း သတင်းရယူ

Printer-friendly versionSend by email

ပြည်တွင်းသတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ မြေပြင်ကွင်းဆင်း သတင်းရယူ

မောင်တော ဩဂုတ် ၉

စစ်တွေမြို့၌ ရောက်ရှိနေသည့်ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် စစ်တွေရေချမ်းပြင်ဆိပ်ကမ်းမှ အငူမော်သို့ စက်လှေဖြင့်သွားရောက်ပြီး အငူမော်မှ မောင်တောမြို့သို့ သွားရောက်ကာ မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။

သတင်းမီဒီယာအဖွဲ့သည်မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲထွဋ်နှင့် တွေ့ဆုံကာ နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ လက်ရှိနယ်မြေ တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လွတ်လပ်စွာ သွားလာခွင့်ပြုထားသည့်အခြေအနေ၊ ကျေးရွာသစ်များ တည်ဆောက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များ နှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများကိုမေးမြန်း သတင်းရယူ ကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့နယ်ရှိ အမှတ်(၂) လက်ခံရေးစခန်း ငါးခူရသို့သွားရောက်ပြီး စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက စခန်းအတွင်း အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန် ဆောင်ရွက်ထားရှိမှု၊ UEHRD အစီအစဉ်ဖြင့် ဝင်ရောက်လာသူများအား ပြန်လည် နေရာချထားပေးမှု၊ NVC ထုတ်ပေးထားသည့်အခြေအနေများကို မေးမြန်းသတင်းရယူကြပြီး UEHRD အစီအစဉ်ဖြင့်ဝင်ရောက်လာသူများနှင့် တွေ့ဆုံကာနေထိုင်စားသောက်မှု အခြေအနေများကို မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့တွင် ယာယီဖွင့်လှစ်ထားသည့် ဟိန္ဒူကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်မှ စားနပ်ရိက္ခာထောက်ပံ့မှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေးအခြေအနေနှင့် အမြဲတမ်းနေထိုင်နိုင်ရန်အိန္ဒိယအစိုးရ ထောက်ပံ့မှုဖြင့်မောင်တောမြို့တွင် လူနေအိမ်များ ဆောက်လုပ်ပေးနေမှု အခြေအနေများကို မေးမြန်းသတင်းရယူကြသည်။

ယနေ့ မောင်တောဒေသသို့သတင်းရယူကြသည့် အဖွဲ့တွင်MRTV၊ MITV၊ MI Radio၊ MRTV-4၊ 7 Day Daily နှင့် ရွှေဇာမဏီသတင်းဌာနတို့မှ မီဒီယာသမားများ ပါဝင်ကြသည်။