ရခိုင်ပြည်နယ်ဆိုင်ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဆိုင်ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၈

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာနေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ အဓိကလုပ်ငန်း(၂)ရပ်ဖြစ်သော ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများသည် ကြီးမားသောလုပ်ငန်းများဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြန်လည်လက်ခံရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ပါဝင်ဆောင်ရွက်မည့်သူများအနေဖြင့် ရှိလာနိုင်သည့် လိုအပ်ချက်များကို ဆန်းစစ်ကြည့်ရမည်ဖြစ်ကြောင်း၊လက်တွေ့အကောင်အထည်ဖော်ရာတွင် ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန်အရေးကြီးသဖြင့် သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ကြီးကြပ်မှုများပါဝင်ရန် လိုအပ်သဖြင့် ကော်မတီတွင် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများသာမက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးကိုပါ ဆောင်ရွက်ရ မည်ဖြစ်သဖြင့် UEHRD ၏ လုပ်ငန်းများ၊ ကိုဖီအာနန်ကော်မရှင် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့၏ စုံစမ်းစစ်ဆေးရေးကော်မရှင်များက အကြံပြုချက်များကို အကောင်အထည်ဖော်သည့်လုပ်ငန်းများ ဆက်စပ်နေသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေး တွင် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း များကို ဆက်စပ်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးအောင်ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကော်မတီပူးတွဲဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ပြန်လည်နေရာချထားရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနှင့် တွဲဖက်အတွင်းရေးမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းတို့ကပြန်လည်လက်ခံရေး ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ လိုအပ်ချက်များ အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။