ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

နေပြည်တော် ဩဂုတ် ၅

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံတွင် ဩဂုတ် ၁ ရက်မှ ၄ ရက်အထိ ကျင်းပသည့် (၅၁)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁ ရက်တွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရ ချင်းဆိုင်ရာကော်မရှင်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန်ဆိုင်ရာကော်မရှင် အစည်းအဝေး နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလုပ်သဘောညစာစားပွဲတို့သို့ အခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူတက်ရောက်ခဲ့သည်။

 

ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး

ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီးသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် အခြားအာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်အတူ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လုံးအား ဂါရဝပြုတွေ့ဆုံခဲ့ပြီး နောက် (၅၁)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ဖွင့်ပွဲ အခမ်းအနား၊ အာဂျင်တီးနားနိုင်ငံနှင့် အီရန်နိုင်ငံတို့မှ အရှေ့တောင်အာရှချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးသည့် အခမ်းအနား၊ (၅၁)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မျက်နှာစုံညီအစည်းအဝေးနှင့် သီးသန့်အစည်းအဝေးနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဂျပန်၊ ရုရှား၊တရုတ်၊ နယူးဇီလန်နိုင်ငံတို့နှင့်ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့တက်ရောက်ခဲ့သည်။

ဩဂုတ် ၃ ရက်တွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ အမေရိကန်နိုင်ငံတို့နှင့် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့တက်ရောက်ခဲ့သည်။

 

လွှဲပြောင်းခဲ့

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး အပြီးတွင် အာဆီယံ-ဩစတြေးလျ ဆွေးနွေးဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူးတာဝန်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ လွှဲပြောင်း ခဲ့သည်။

အလားတူ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူး တာဝန်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ထမ်းဆောင်မည် ဖြစ်သည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ တက်ရောက်သည်။

မျက်နှာစုံညီအစည်းအဝေးတက် ညီအစည်းအဝေးတက်

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၄ ရက်တွင် (၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၈)ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်၏ သီးသန့် အစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေးများ သို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် (၉)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၈) ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၁)ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့်(၁၁)ကြိမ်မြောက် မဲခေါင်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများ သို့လည်း တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် (၈)ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

 

သီးခြားစီတွေ့ဆုံ

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် မလေးရှား နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ဆွေးနွေး ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့် အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာဖိုရမ် အစည်းအဝေးတို့တွင် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများကို အလွတ်သဘော ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စ၏ သိမ်မွေ့ ရှုပ်ထွေးမှုအခြေအနေ၊ အာဆာအကြမ်းဖက်အဖွဲ့၏ စတင်တိုက်ခိုက်မှု များကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လာရ သည့်အခြေအနေ၊ ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှုအခြေအနေ၊ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)တို့ အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရာ တွင် ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည် ဖော်မှုမှတစ်ဆင့် နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာဘက်မှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသား အစီအစဉ်တစ်ရပ် အဖြစ် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းမှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် (၅၁)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာ ချက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ကူညီထောက်ခံသွား မည်ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်မည့် လုပ်ငန်း အစီအစဉ်တစ်ရပ် ရေးဆွဲနေသည့် လုပ်ငန်းအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုကြောင်း၊ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာ တွင် အောင်မြင်တိုးတက်မှုများကိုအသိအမှတ်ပြုပြီး မြန်မာအစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများ အကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။