ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအား ရှင်းလင်းပြောကြား

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအား ရှင်းလင်းပြောကြား

ရန်ကုန် ဩဂုတ် ၃

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိအမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ တွေ့ဆုံ၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံ ရေးနှင့်စပ်လျဉ်း၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချုပ်ဆိုထားသော သဘောတူ စာချုပ် အကောင်အထည်ဖော်မှုအခြေအနေများ၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာ အစိုးရအား အထောက်အပံ့ပြုနိုင်ရန် အစိုးရနှင့်ကုလသမဂ္ဂ အေဂျင်စီများအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်မှုအခြေအနေ များ၊ အဆိုပါ နားလည်မှုစာချွန်လွှာအရ UNDP နှင့် UNHCRတို့အနေဖြင့် မြန်မာ အစိုးရအား ကူညီပံ့ပိုးရမည့်အခန်းကဏ္ဍများ၊ နားလည်မှုစာချွန်လွှာ အကောင်အထည် ဖော်ရေးလုပ်ငန်းအဖွဲ့မှ ဆောင်ရွက်နေမှုများနှင့် တိုးတက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သံတမန်များက သိရှိလိုသည်များကို မေးမြန်းပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြန်လည်ဖြေကြားသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ UEHRD ဥက္ကဋ္ဌ၏ အကြံပေး ဦးတိုးအောင်၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ အကြီးအကဲများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။