ကျောက်ဖြူလေဆိပ်အဆောက်အအုံအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မှန်များထိခိုက်ပျက်စီး

Printer-friendly versionSend by email

ကျောက်ဖြူလေဆိပ်အဆောက်အအုံအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မှန်များထိခိုက်ပျက်စီး

 

ကျောက်ဖြူ ဩဂုတ် ၂

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူလေဆိပ်၌ ဩဂုတ် ၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် လေဆိပ်အတွင်း ကာရံထားသော အလူမီနီယမ် ပေါင်နှင့်မှန်များ ပျက်စီးခဲ့ရာ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ ဩဂုတ် ၂ ရက် နံနက် ၉ နာရီတွင်သွားရောက်ကြည့်ရှုခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုဖြစ်စဉ်အား ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများ သွားရောက်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ လေဆိပ်အဆောက်အအုံအတွင်းရှိ ခရီးသည်ဝင်ပေါက်နှင့် အဲလိုင်းကောင်တာအား ကာရံထားသည့် အလျား ပေ ၉၀၊ အနံ ၁၂ ပေရှိ အလူမီနီယမ်ပေါင်ကွပ်ထားသည့်မှန်နှင့် အဲလိုင်းကောင်တာခရီးသည်ထွက်ပေါက်အား ကာရံထားသည့် အလျား ၂၈ ပေ၊ အနံရှစ်ပေရှိ အလူမီနီယမ်ပေါင် ကွပ်ထားသည့်မှန်များ ပျက်စီးခဲ့သည်။

အဆိုပါဖြစ်စဉ်သည် လေပြင်းတိုက်ခတ်စဉ်လေယာဉ်ကွင်းဘက်အခြမ်းရှိ ဆိုက်ရောက် ခရီးသည်ဝင်ပေါက်မှ လေတိုး၍ လဲကျပျက်စီးခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၁၀ သိန်းခန့်ရှိကြောင်း သိရသည်။