ရခိုင်ပြည်နယ်ဓမ္မာရုံဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဓမ္မာရုံဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၂၉

ရခိုင်ပြည်နယ်ဓမ္မာရုံ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်ဆဋ္ဌမအကြိမ်မြောက် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပရာ ရခိုင်စည် တော်ရွမ်း၍ အခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ထို့နောက် ရခိုင်ပြည်နယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစောသိန်းက အခမ်းအနားဖွင့်စကား လျှောက်ထားပြီးဂေါပကအဖွဲ့ဦးဆောင်နာယက ဦးဘရွှေက သာသနာတော်ဆိုင်ရာများကို လျှောက်ထားသည်။

ယင်းနောက် ဗဟန်းမြို့နယ် မဏ္ဍလာကံယုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တ ကေတုထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသောဆရာတော်၊ သံဃာတော်များက မေတ္တသုတ်တရားတော် များကို ရွတ်ပွားသရဇ္စျာယ်တော်မူကြသည်။

ဆက်လက်၍ ဂေါပကအဖွဲ့ ဦးဆောင်နာယကဦးစိုးဝင်းက လှူဒါန်းရခြင်းအကြောင်းကို လျှောက်ထားပြီးဗဟန်းမြို့နယ် မင်္ဂလာတိုက်ကျောင်း ကျောင်းတော်ရာရွှေကျင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဉာဏထံမှ ဝါဆိုသင်္ကန်းလှူဒါန်းရခြင်း ဩဝါဒတရားတော်ကို ပရိသတ်များက နာကြားကြကာ ဆရာတော်၊သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အလိုတော်ပြည့ဓမ္မာစရိယတက္ကသိုလ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုစိတ္တာဘိဝံသထံမှ ပရိသတ်များက ရေစက်ချ အနုမောဒနာတရားနာကြားကြသည်။

ယင်းနောက် ဂေါပကအဖွဲ့ ဦးဆောင်နာယကဦးတင်ညွန့်က ကျေးဇူးတင်စကားလျှောက် ထားပြီး ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းက “ရန်ကုန်မှာ ရှိတဲ့ အဂ္ဂမဟာဘွဲ့ရရခိုင်ဆရာတော်ကြီးတွေ၊ အခြားပင့်ဖိတ်ထားတဲ့ဆရာတော်တွေ၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးက ရန်ကုန်မှာ ရောက်နေတဲ့ ဆရာတော်ကြီးတွေ အားလုံး ၃၉ ပါးကို ဝါဆိုသင်္ကန်းကပ်လှူတဲ့ပွဲဖြစ်ပါတယ်။ အခုလို ရခိုင်ဆရာတော်ကြီး တွေကို တစုတစည်းတည်းဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ပြော သည်။