မောင်တောမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ အခမဲ့ပေးဝေ

Printer-friendly versionSend by email

မောင်တောမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ အခမဲ့ပေးဝေ

မောင်တော ဇူလိုင် ၁၃

မောင်တောမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆိုင်ကယ်စီးပြည်သူများအား ပထမအကြိမ်အဖြစ်ဆိုင်ကယ်ဦးထုပ်များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက မောင်တောမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးရှေ့ မဟာဗန္ဓုလလမ်းမကြီး တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိရေးအတွက် အခါအားလျော်စွာ အသိပညာပေး လျက်ရှိပါတယ်။ အခုက မောင်တောမြို့မှာ ဆိုင်ကယ်ဦးထုပ်မပါဘဲ ဆိုင်ကယ်မောင်းနှင်သူတွေကို ပထမအကြိမ်အဖြစ် ဦးထုပ်အခမဲ့ပေးဝေတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ မဆောင်းခြင်းက အကျိုးသက်ရောက်မှုအန္တရာယ် အများကြီးကွာခြားပါတယ်။ ဥပမာ ဆိုင်ကယ်ဟာ ဘီးနှစ်ဘီးတည်းရှိတာဖြစ်တဲ့အတွက် ယာဉ်မတော်တဆဖြစ်ရင် အနည်းဆုံး လမ်းပေါ်မှာ လဲမယ်။ အဲဒီအချိန်မှာ ဦးထုပ်ဆောင်းထားရင် ဦးခေါင်းကို ထိခိုက်ခြင်းအန္တရာယ်မှ ကင်းဝေးစေပါတယ်။ ဦးထုပ်မဆောင်းထားရင် ဦးခေါင်းကိုထိပြီး အသက်အန္တရာယ် ပါဆုံးရှုံးနိုင်ပါတယ်” ဟု မောင်တောမြို့ အမှတ်(၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ် မျိုးညွန့်က ပြောသည်။

ထိုကဲ့သို့ ဆိုင်ကယ်ဦးထုပ်အခမဲ့ပေးဝေခြင်းအပေါ် မောင်တောမြို့ ခရေမြိုင်ကျေးရွာမှ ဦးမောင်မောင်ကြီးက “အခုလို ဆိုင်ကယ်ဦးထုပ်တွေ အခမဲ့ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လို ကျေးရွာနေပြည်သူတွေက ဆိုင်ကယ်ကို အားကိုးအားထားပြုပြီး စီးနင်းနေရတဲ့အတွက် ဆိုင်ကယ်ဦးထုပ်က အမြဲဆောင်းနေဖို့လိုပါတယ်။ မြို့တွင်းမှာ ဆိုရင်ယာဉ်ထိန်းရဲတွေက မကြာခဏဆိုသလို အသက်အန္တရာယ်ကင်းအောင် ဆိုင်ကယ် ဦးထုပ်တွေ ဆောင်းကြပါလို့ အမြဲတိုက်တွန်းအသိပေးလျက်ရှိပါတယ်” ဟု ပြောသည်။

ယနေ့တွင် မောင်တောမြို့အမှတ်(၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ဆိုင်ကယ်ဦးထုပ် အလုံး ၁၀၀ ခန့်ကို ဆိုင်ကယ်စီးနင်းသူ ပြည်သူများအား အခမဲ့ပေးဝေခဲ့ကြောင်း၊ မောင်တောမြို့ပေါ်တွင် ဆိုင်ကယ်စီးသူဦးရေမှာ ၂၀၀၀ မှ ၃၀၀၀ ခန့်အကြားရှိကြောင်း သိရသည်။