ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ညှိနှိုင်းစည်းဝေး

Printer-friendly versionSend by email

ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီ ညှိနှိုင်းစည်းဝေး

စစ်တွေ ဇူလိုင် ၁၂

ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရာ တွင်ငွေကြေးတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရပါကြောင်း၊ ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က စစ်တွေဌာနခွဲမှ နှစ်တစ်ရာအထက်ရှေးဟောင်း အဆောက်အအုံများစာရင်းကောက်ယူနေမှု၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကိစ္စ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသော ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များက ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဘဏ္ဍာရေး၊အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူး၊ သမိုင်းသုတေသီ ဆရာဦးအောင်လှသိန်း၊ သမိုင်းသုတေသီ ဆရာဦးမောင်ဗသိန်း၊ ဒေါ်ခင်သန်း (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန-ငြိမ်း)၊ စစ်တွေတက္ကသိုလ် သမိုင်းဌာနမှပါမောက္ခ ဒေါက်တာကျော်ဝင်းဦးနှင့် ကော်မတီဝင်များတက်ရောက်ကြကြောင်း သိရသည်။