မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ၌ ဥပဒေမဲ့နေထိုင်သူများအား ရှင်းလင်းဖယ်ရှား

Printer-friendly versionSend by email

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ၌ ဥပဒေမဲ့နေထိုင်သူများအား ရှင်းလင်းဖယ်ရှား

နေအိမ်တစ်လုံးမှ လက်ပစ်ဗုံးနှင့် တုတ်၊ဓားလက်နက်များ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၁၁

မောင်တောမြို့ သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာ၌ဥပဒေမဲ့တဲအိမ်များ ဆောက်လုပ်၍ ဝင်ရောက်နေထိုင်သူများအား ဇူလိုင် ၉ ရက်တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာကရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်နေစဉ် ဥပဒေမဲ့နေထိုင်သူများအား စည်းရုံး ဦးဆောင်နေသူ ဦးထွန်းမြင့်ဦး၏ နေအိမ်မှ စနက်တံပါ လက်ပစ်ဗုံးတစ်လုံး၊ တုတ်၊ဓား လက်နက်များ၊ လက်ကိုင်စကားပြောစက်များ၊ကျည်ကာအင်္ကျီတစ်ထည်၊ ကျည်ကာဖိုက်ဘာဦးထုပ်တစ်လုံး၊ ကင်မရာပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဖုန်းနှင့် ဆင်းကတ် တို့ကို သိမ်းဆည်းရမိပြီး သက်ဆိုင်ရာက ဥပဒေ နှင့်အညီအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဥပဒေမဲ့ဝင်ရောက်နေထိုင်သူများအား ကျောက်ပန္ဒုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး သက်ဆိုင်ရာက လတ်တလောအသုံးပြုနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကဖေဖော်ဝါရီ ၂၁ ရက်တွင် ဥပဒေမဲ့ ဝင်ရောက် နေထိုင်သူများအား သက်ဆိုင်ရာက တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ နေထိုင်မှုမပြုရန် တားမြစ်ထားခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို အသိပေးအကြောင်းကြားခဲ့ကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိသဖြင့် ထပ်မံ၍သတိပေးစာ နှစ်ကြိမ် ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်က သင်္ဘောကွေ့ကျေးရွာမီးလောင်ပြင်နေရာမှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု၃၇စုအား သက်ဆိုင်ရာက အင်းဒင်ကျေးရွာသစ်မြေနေရာသို့စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ဥပဒေမဲ့နေထိုင်သူ အိမ်ထောင်စု ၂၄ စုမှာ မပြောင်း ရွှေ့ဘဲ ဆက်လက်နေထိုင်လျက်ရှိသဖြင့် သက်ဆိုင်ရာက ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မောင်တောမြို့နယ်သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာတွင် ဥပဒေမဲ့ဝင်ရောက်နေထိုင်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာရလွယ်ကူ သည့် မောင်တောမြို့နယ်အင်းဒင်ရဲစခန်း အရှေ့ဘက်တွင် ကျေးရွာ သစ်မြေနေရာရွေးချယ်ပြီး ယာယီအဆောက်အအုံများ ဆောက်လုပ်ပေးကာ အမြဲနေထိုင်နိုင်ရေးအတွက် အခိုင်အမာ အဆောက်အအုံအလုံး ၁၀၀ တည်ဆောက်ပေးလျက်ရှိ ကြောင်း သိရသည်။