ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၆/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူးဖြစ်သူ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ ကော်မတီဝင်များ တက်ရောက် သည်။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယနေ့ အစည်းအဝေးသည် ၂၀၁၈ ခုနှစ်အတွင်းခြောက်ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ကော်မတီစတင်ဖွဲ့စည်းချိန်မှဆိုလျှင် ၁၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး လုံခြုံရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ဥပဒေနှင့်အညီရသင့်ရထိုက်သော အခွင့်အရေးများရရှိရေး စသည့်အချက်သုံးချက် ကိုအဓိကထား အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ၈၈ ချက်တွင်အချက် ၈၀ ခန့်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များကို ဆောင်ရွက်နိုင်ရေးအတွက်လည်း ပြည်နယ်အစိုးရနှင့်တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊ အကောင် အထည်ဖော်ဆောင်ရွက်ချက်များကို ထုတ်ပြန်မှုအနေဖြင့် ဒုတိယအကြိမ် ပြည်သူသို့ အစီရင်ခံစာ ကို နိုင်ငံပိုင်သတင်းစာများ၌ ဇွန် ၂ ရက်တွင် မြန်မာဘာသာဖြင့် လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအကြိမ် ပြည်သူသို့အစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက်လည်းဆောင်ရွက်နေပါကြောင်း၊ အကောင်အထည်ဖော်ဆောင် ရွက်နေသည့်လုပ်ငန်းများကိုလည်း မြေပြင်တွင် ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း၊ လက်တွေ့အခြေအနေပြောင်းလဲမှု အမှန်တကယ်ဖြစ်ပေါ်ရန် လိုအပ်ပါကြောင်း၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆောင်ရွက်ရန်ကျန်ရှိသည့် အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီဥက္ကဋ္ဌ၊ ပူးတွဲဥက္ကဋ္ဌနှင့်အတူ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

ပြည်သူ၏အသံနားထောင်

ပူးတွဲကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကဆွေးနွေးရာတွင် ပြည်နယ်အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ကျန်ရှိနေသည့် လုပ်ငန်းများကို ပြန်လည် ဆန်းစစ်ပြီး ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ IDPစခန်းများပိတ်သိမ်းရေးကို စနစ်တကျဆောင်ရွက်နိုင်ပါရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင်ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP စခန်းကိုပိတ်သိမ်းနိုင်ရေးအတွက် စီမံချက်ချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသဖွံ့ဖြိုးရေး စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ NV Card ဆောင်ရွက်မှုသည်လည်း အောင်မြင်မှုများရရှိပါကြောင်း၊ အတူလက်တွဲ နေထိုင်ရေးအတွက် သိမ်သိမ်မွေ့မွေ့၊ ခက်ခက်ခဲခဲဖြင့်ဆောင်ရွက်နေရပါကြောင်း၊ ကိစ္စတိုင်းအတွက် လုံခြုံတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံမြို့မိမြို့ဖ၊ ရပ်မိရပ်ဖများနှင့် ဆွေးနွေးညှိနှိုင်းကာ ပြည်သူ၏အသံနားထောင် ပြီး လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်လက်ခံရေးစခန်းများတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့်ပြည်ထဲရေးဝန်ကြီးဌာန သတင်းနှင့်မှုခင်း တပ်ဖွဲ့တို့မှ ဝန်ထမ်းအင်အားများကို တိုးမြှင့်ချထားရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လှဖိုးခေါင်အဝင်လမ်းဖြစ်သည့်မောင်တော-ရွှေဇား-ပြင်ဖြူလမ်းဆုံ ကတ္တရာခင်းခြင်းကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ လှဖိုးခေါင်စခန်းအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး သည်။

ယင်းနောက်ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းနယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြေပုံ IDP စခန်း ပိတ်သိမ်းရေးလုပ်ငန်းများ၊လှဖိုးခေါင်အဝင်လမ်းဆောင်ရွက်မှုအခြေအနေများကိုဆွေးနွေးသည်။

အချိန်နှင့်တစ်ပြေးညီ

ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက အကြံပြုချက်များအပေါ် ဆောင်ရွက်မှုအခြေအနေများကို အဖွဲ့ဝင် ဝန်ကြီးဌာနများက လစဉ်တင်ပြချက်များအပြင် ထူးခြားချက်များရှိပါက ကော်မတီသို့အချိန်နှင့်တစ်ပြေးညီ တင်ပြစေလိုပါကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများတွင် ဝန်ထမ်းအင်အား ဖြည့်တင်းရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြန်လည်လက်ခံရေးဆောင်ရွက်မှုကိစ္စရပ်များ၊ ပြန်လည်လက်ခံရေးစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးမှု အခြေအနေများကိုဆွေးနွေးသည်။

ဆက်လက်ပြီး ကော်မတီဝင်ဝန်ကြီးဌာနအသီးသီး၏တင်ပြဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌနှင့်ပူးတွဲဥက္ကဋ္ဌတို့က လိုအပ်သည်များဖြည့်စွက်ရှင်းလင်းညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။