ရခိုင်ပြည်နယ်၌ အခြေခံမြားပစ်သင်တန်းဖွင့်ပွဲ ကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်၌ အခြေခံမြားပစ်သင်တန်းဖွင့်ပွဲ ကျင်းပ

စစ်တွေ ဇူလိုင် ၇

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ရခိုင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း(၈/၂၀၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် စစ်တွေမြို့ ဓည၀တီအားကစားရုံ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်က မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ယခုဖွင့်လှစ်သောသင်တန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှစ်ကြိမ်မြောက်ဖွင့်လှစ်သောသင်တန်း ဟု သိရပါကြောင်း၊ မြားပစ် အားကစားကို စနစ်တကျလေ့လာတတ်မြောက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်မြားပစ်အားကစားပြိုင်ပွဲများတွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် ရခိုင်ပြည်နယ်မှ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက မြားပစ်အားကစားနည်း သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အားကစား ပစ္စည်းများကိုပေးအပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်စောမြက လက်ခံရယူသည်။

အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ သင်တန်းသား သင်တန်းသူ ၃၇ ဦး တက်ရောက်ကြပြီး မြန်မာနိုင်ငံအားကစားနှင့်ကာယပညာဦးစီးဌာနမှ မြားပစ်အားကစားကျွမ်းကျင်ဆရာများက တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။