ပုဏ္ဏားကျွန်းတွင် တောင်ပြိုကျ နေအိမ်ပိ၍ တစ်ဦးသေဆုံး၊ တစ်ဦး ဆေးကုသမှုခံယူ

Printer-friendly versionSend by email

ပုဏ္ဏားကျွန်းတွင် တောင်ပြိုကျ နေအိမ်ပိ၍ တစ်ဦးသေဆုံး၊ တစ်ဦး ဆေးကုသမှုခံယူ

စစ်တွေ ဇွန် ၁၇

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သက်ကြိုင်းတောင်ကျေးရွာအုပ်စု လွန်ပူကျေးရွာ၌ ဇွန် ၁၄ ရက်က မိုးအဆက်မပြတ်ရွာသွန်းသဖြင့် တောင်မြေပြိုကျ၍ နေအိမ်တစ်အိမ် မြေပိပြီး အဆိုပါအိမ်တွင် နေထိုင်သူ မောင်မိုးဇော် သေဆုံးကာ ဖခင်ဖြစ်သူ ဦးလပြည့်အောင်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရှီပြင်တိုက်နယ်ဆေးရုံတွင် အတွင်းလူနာ အဖြစ်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်း၍ သေဆုံးသူ၏ ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ ကျပ်ခြောက်သိန်းနှင့် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသူအား ငွေကျပ်တစ်သိန်း သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဇွန် ၆ ရက်မှ ၁၄ ရက်ထိ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဒိပ္ပ၊ ကွန်းတောင်၊ ယာချောင်း၊ တံဘက်လှန်း၊ ဂန့်ဂါ၊ ကျောက်ပြင်ဆိပ် စသည့် ကျေးရွာအုပ်စုများတွင် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် လူနေအိမ်များနှင့် လုံး၀ပျက်စီးသွားသည့်လူနေအိမ်များရှိ မိသားစုဝင်များအား ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် စားနပ် ရိက္ခာတန်ဖိုးများ ထောက်ပံ့ကူညီနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာတချို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ကျေးရွာ လမ်းတံတားများပျက်စီးခြင်း၊ စပါးသိုလှောင်ရုံများ ရေနစ်မြုပ်ခြင်း၊ ကွမ်းခင်းများ ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်တို့ သေဆုံး၊ ပျောက်ဆုံးမှုများရှိခဲ့ကြောင်းလည်း သိရသည်။