ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု သံတွဲမြို့ရေကြီးရေလျှံမှုများနှင့် ရေဘေးကယ် ဆယ် ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု သံတွဲမြို့ရေကြီးရေလျှံမှုများနှင့် ရေဘေးကယ် ဆယ် ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

သံတွဲ ဇွန် ၁၂

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုသည် ယနေ့တွင် သံတွဲမြို့ရေကြီးရေလျှံမှုများနှင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဒေါက်တာချမ်းသာ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့ရွှေဆံတော်တောင်ခြေဓမ္မာရုံရှိ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံပြီးထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းသည်။

အဆိုပါ ရွှေဆံတော်ဓမ္မာရုံ၌ သံတွဲမြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးရှောင် အိမ်ထောင်စု ၂၁ စု၊ လူဦးရေ၈၀ နေထိုင်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံတွဲ-ဂွ မော်တော်ကားလမ်း ရေကြီးရေလျှံမှုအခြေအနေ၊သံတွဲ-ငပလီလမ်း ရေကြီးရေလျှံမှုအခြေအနေနှင့် သံတွဲ-ကင်းမော်လမ်းရေကြီးရေလျှံမှုအခြေအနေများကိုကြည့်ရှုပြီး မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ရေကြီးရေလျှံမှုကြောင့်ဖြစ်ပွားတတ်သည့် ရောဂါများကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေးတို့ကိုမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့ ရွှေအံတော်စေတီတော်ဓမ္မာရုံရှိ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းသည်။ အဆိုပါဓမ္မာရုံတွင် ရေဘေးရှောင်အိမ်ထောင်စု၄၀၊ လူဦးရေ ၁၆၀ နေထိုင်လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့ ရေကြီးရေလျှံမှုတွင်သံတွဲတပ်နယ်မှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများက ရေဘေးကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိ သည်။