ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သံတွဲမြို့နယ်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သံတွဲမြို့နယ်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

သံတွဲ ဇွန် ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၈ နာရီတွင် သံတွဲမြို့ဒွါရာ၀တီခန်းမ ၌ သံတွဲမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အားနည်းချက်များနှင့် အားသာချက်များကို ပွင့်လင်းမြင်သာ စွာ ဝေဖန်ထောက်ပြအကြံပြုဆွေးနွေးနိုင်ကြရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် လူမှုစီးပွား အခြေခံအဆောက်အအုံများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း၊အဖွဲ့အစည်းတစ်ရပ်ကောင်းဖြင့် လုပ်ဆောင်၍မရဘဲ ပြည်သူများ ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှသာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် ပြည်နယ်အစိုးရ၏ အရေးကြီးသည့် ရည်မှန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေကြောင်း၊ အလားတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း အဓိက အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ် ပေါက်လာရေးအတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊အပြန်အလှန်​လေးစားမှု၊ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အပြုသဘောဆောင်၍အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ၂၀၁၈ ခုနှစ်ကာလတို ဘဏ္ဍာရေး နှစ် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် သိမ်းဆည်းခံမြေယာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးဦးကျော်လွင်၊ ဦးအောင်ကျော်ဇံ၊ ဒေါက်တာ ချမ်းသာ၊ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများအနေဖြင့် ဆွေးနွေးတင်ပြ လိုသည်များကိုတိုက်ရိုက်ဖြစ်စေ၊ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေးတို့အတွက်တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းအားထုတ်ဆောင်ရွက်ကြစေလိုကြောင်း၊သဘာ၀သယံဇာတအရင်းအမြစ်များနှင့် ရရှိဖြစ်ပေါ်နေသည့် အခွင့်အရေးများကို မိမိအကျိုး၊ အများအကျိုးမျှတစွာဖြင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။