ယုံကြည်မှု၊ တာဝန်ယူမှုတို့ဖြင့် လက်တွဲဆောင်ရွက်

Printer-friendly versionSend by email

ယုံကြည်မှု၊ တာဝန်ယူမှုတို့ဖြင့် လက်တွဲဆောင်ရွက်

“ယုံကြည်မှုဆိုတာ အပြန်အလှန်ရှိသင့်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ မြန်မာ နိုင်ငံအပေါ်မှာသာ မှီတည်နေတာ မဟုတ်ပါဘူး။ ယုံကြည်မှုတည်ဆောက်နိုင်စေဖို့ တစ် ဖက်လူဘက်ကလည်း လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာပြောရရင်မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရရှိခဲ့တဲ့ MoU နဲ့အညီ ပုံစံတွေဖြည့်စွက် ပေးရမှာ ဖြစ်ပါတယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်း မရှိပါဘူး။ဒီပုံစံတွေကို ဖြန့်ဝေပေးခြင်း မရှိခဲ့ရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခ သည်တွေမသိကြရင်ကျွန်မတို့အနေနဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင် အမြန်တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာနှစ်ဦးနှစ်ဖက် အပြန်အလှန်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်လို့ မြင်တာပါ။MoU ကို မိမိတို့နှစ်နိုင်ငံစလုံး သာမက အခြားသူများပါ သဘောတူညီခဲ့ကြပါတယ်။ အဲဒီပါဝင်ပတ်သက်သူများ အားလုံးက အသီးသီး အသကအသက တာဝန်ယူမှုတွေကို အကောင်အထည်ဖော်ကြဖို့ လိုပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျပန်နိုင်ငံ NHKသတင်းဌာနမှ သတင်းထောက် Orie Sugimoto တို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များ ဌာနေပြန်ရေးနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသည့် ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်ကို မြန်မာနိုင်ငံအနေဖြင့် ကြိမ်ဖန်များစွာ ရှင်းလင်းပြခဲ့ပြီးဖြစ်သည်။ နိုင်ငံတော် အစိုးရ၏ ၂၀၁၇ ခုနှစ် ဩဂုတ်လ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်ပါအတိုင်း နေရပ်စွန့်ခွာ သွားသူများအရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရက ဘက်စုံလွှမ်းခြုံပြီးရေရှည် တည်တံ့သော ဖြေရှင်းချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ်နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်” ကိုအကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရန် သန္နိဋ္ဌာန်ချ ထားပြီးဖြစ်သည့်အတိုင်း နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီးချိန်မှ စတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ပြန်လည်လက်ခံနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်း လျက်ရှိသည်။ ယင်းလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ရာတွင် ဇွန် ၆ ရက်က မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များကို အထောက်အပံ့ပြုနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့ကို ဖိတ်ခေါ်ခဲ့မှုအရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံသဘောတူထားမှုနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု အားနည်းနေသည်ကိုတွေ့ရသည်။ မကြာသေးမီက မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာကြသော နေရပ်စွန့်ခွာသူအချို့၏ ပြောကြားချက်အရ ၎င်းတို့ကိုဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပြန်ရန် တိုက်တွန်းခြင်းလည်းမရှိ၊ အသိပေး ခြင်းလည်းမရှိသည့်အပြင် မြန်မာနိုင်ငံသို့ပြန်လျှင် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်း များအား မသိရှိကြကြောင်း ပြောကြားသည်ကို ကြားသိရသည်။

သို့ဖြစ်ရာ ဒုက္ခသည်များ ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန်တိုးတက်အောင် ဆောင် ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံသာမကအခြားသူများပါ သဘောတူညီထားသည့် ကတိက ဝတ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်၍ ဌာနေ ပြန်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ကြသူများအားလုံး အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် တာဝန်ယူမှုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သင့်သည်ဟု ရှုမြင်ပါကြောင်း။ ။