ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

Printer-friendly versionSend by email

ကျိန္တလီ ဇွန် ၁၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် နာရီတွင် ဂွမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂွမြို့နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ပြည်နယ်ဝန်ကြီး ဒေါက်တာ ချမ်းသာတို့က အမှာစကားပြောကြားကြပြီး ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးဦးအောင်သန်းမြင့်က ပညာရည်ချွန်ဆုပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂွမြို့နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ခြောက်ဘာသာဂုဏ်ထူးရရှိသူ တစ်ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ ခုနစ်ဦးတို့အားဝန်ကြီးချုပ်၏ ထပ်ဆင့်ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၂၄ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ ၉၆ ဦးကို ပြည်နယ်အစိုးရ၏ချီးမြှင့်ငွေ၊ ဝန်ကြီးချုပ်၏ ထပ်ဆင့်ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး မြို့နယ်အဆင့်ပထမဆု၊ ခြောက်ဘာသာဂုဏ်ထူးထွက်ပေါ်ခဲ့သည့် ကျောင်းဆုနှင့် ခြောက်ဘာသာဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးခဲ့ကြသည့်ဆရာ ဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်မော်တော်ယာဉ်များဖြင့် ဆပ်သွားကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ဂွမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နိုင်ရန် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးအခြေခံအဆောက်အအုံများကို ကြိုးပမ်း တည်ဆောက် ခဲ့ပါကြောင်း၊ အဆိုပါအခြေခံအဆောက်အအုံများ ပိုမိုအဆင့်မြှင့်တင်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အသီးအပွင့်များကို ပြည်သူများလက်တွေ့ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ ထိုသို့သောအခြေခံအဆောက်အအုံကောင်းများကို အခြေခံ၍ ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းကြိုးပမ်း အားထုတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေတိုဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ကာလများအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျစီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် တာဝန်ယူဆောင်ရွက်ကြသူများအနေဖြင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒေသဖွံ့ဖြိုးရေး ပိုမိုတိုးတက်ဖြစ်ထွန်း လာမည်ဖြစ်ပါကြောင်း။

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပါကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်း မှသာ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ပါကြောင်း၊ နောင်အနာဂတ် အကျိုးဖြစ်ထွန်းရေးအတွက် ဒေသခံပြည်သူများအနေဖြင့် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဆပ်သွား၊ ဆင်ကူး၊ ကြွေချိုင်၊ ဆားချက်၊မဒေါ့ကျော၊ တိုင်ကျိုး၊ ဇီးကုန်း၊ ကင်းပုံ၊ လောင်းကျိုးနှင့်ရွေဦးကွင်း ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများကဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကြွေချိုင်ကျေးရွာအုပ်စုဒေသခံများ ရှင်းလင်းတင်ပြသည့် ကြွေချိုင်ကျေးရွာ နာရေးကူညီမှုအသင်း အတွက် မော်တော်ယာဉ်ဝယ်ယူနိုင်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်ဂွမြို့နယ် ကျိန္တလီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျိန္တလီမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်များချမှတ်၍ အစဉ်တစိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်ရခိုင်ပြည်နယ်ကို အထူးဦးစားပေး ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း၊ အသေးစားနှင့်အလတ်စား ပုဂ္ဂလိကလုပ်ငန်းများကို အားပေးဆောင်ရွက်လုပ်ကိုင်ကြရမည် ဖြစ်ပါ ကြောင်း၊ ဒေသအတွင်းရှိ လူမှုစီးပွားအခြေခံအဆောက်အအုံကောင်းများကို အကျိုးဖြစ်ထွန်းအောင် အသုံးချသွားစေလိုပါကြောင်း၊ ကဏ္ဍစုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများတက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ဂွမြို့နယ် ကျိန္တလီမြို့ အုပ်ချုပ်ရေးမှူးဦးထွန်းအေးခိုင်က ၂၀၁၈ ခုနှစ် ကာလတိုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့်ကျိန္တလီမြို့ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျိန္တလီအခြေခံပညာအထက်တန်းကျောင်း အကျိုးတော်ဆောင်အဖွဲ့က တင်ပြဆွေးနွေးသည့် ကျိန္တလီ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသည့် မိတ္တူကူးစက်ဝယ်ယူရန် အလှူငွေများ လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်