ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

Printer-friendly versionSend by email

စစ်တွေ ဇွန် ၈

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ လေးခုကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများအတွက် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိ စေရန် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အတွက် ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ကနဦးလုပ်ငန်းစဉ်အဖြစ် နိုင်ငံသားစိစစ်ခံမည့်သူ၏ သက်သေခံ ကတ်ပြား (Identity Card for National Verification - NVC) များကို ဇွန် ၇ ရက်မှစ၍ ထုတ်ပေးလျက်ရှိသည်။

 

NVC ကတ်မှာ ကြည်ပြာရောင်ဖြစ်ပြီး နိုင်ငံသားဖြစ်ရန် ပထမအဆင့်ခြေလှမ်းဖြစ်ကာ ဒုတိယ အဆင့်တွင် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကတ် ကိုင်ဆောင် ထားခြင်းဖြင့် တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာခြင်းကို ကာကွယ် တားဆီးနိုင်မည်ဖြစ်ကြောင်း၊ NVC ကတ်တွင် လူမျိုးနှင့်ဘာသာကို ဖော်ပြခြင်းမပြုကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။

 

နိုင်ငံသားစိစစ်ရေးကိစ္စ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်ရှိအိမ်ထောင်စုစာရင်းတွင်ရှိသော လူဦးရေ အနက် အသက် (၁၀) နှစ် အထက်ရှိသူများအား NVC ကတ် ထုတ်ပေးသွားမည်ဖြစ်သည်။ ယင်း ကတ်အပေါ်၌ မူတည်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံသားအဖြစ် ရရှိစေရန် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်ကော်မတီများ ဖွဲ့စည်းကာ စိစစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

NVC ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ရခိုင်ပြည်နယ်တစ်ခုတည်းတွင်သာမဟုတ်ဘဲ နယ်စပ်နှင့် ထိစပ်လျက် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

NVC ကတ်များကို စတင်ထုတ်ပေးသည့် ဇွန် ၇ ရက်တွင် မြေပုံမြို့နယ် တောင်ပေါ်ရပ်ကွက် IDP စခန်း၌ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၅၁ ဦး၊ ဇွန် ၈ ရက်တွင် မြေပုံမြို့နယ်၌ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ကျောက်ဖြူ မြို့နယ်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပိုမိုကောင်းမွန်လာမည့် အခြေအနေများကို မျှော်မှန်းကာ ၂၀၁၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သွားရန် စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။

 

“NVC ကတ်ပုံစံမှာ လူမျိုးနဲ့ဘာသာကို ထည့်သွင်းထားတာမရှိတဲ့အတွက် ပြန်စဉ်းစားမယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြန်လည်အကြောင်းပြန်ဖို့အတွက် တစ်ပတ် အချိန်ပေးခဲ့ ပါတယ်။ ကျောက်ဖြူနဲ့ မြေပုံမှာလည်း လူမျိုးဘာသာ ကောက်ယူခြင်းမရှိပါဘူး။ အားလုံး နိုင်ငံသား ဖြစ်တာကိုပဲ အဓိကထားဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီ နှစ်မြို့ကို အဆင်ပြေအောင် ဆောင်ရွက် သွားမယ်ဆိုရင် ပုဏ္ဏားကျွန်းမှာလည်း အဆင်ပြေသွားမယ်လို့ ထင်ပါတယ်” ဟု ဦးဝင်းလွင်က ပြောသည်။

 

NVC ကတ်များ မထုတ်ပေးမီ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက လူထု အတွင်း ကွင်းဆင်းကာ ရှင်းလင်းပြသခဲ့သည်။ NVCကတ် ထုတ်ပေးခြင်း လုပ်ငန်းအား လူဦးရေ အနည်း/ အများအပေါ် မူတည်၍ အချိန်မည်မျှကြာမြင့်မည်ကို ခန့်မှန်းမရကြောင်း ဦးဝင်းလွင်၏ ပြောကြားချက်အရ သိရသည်။