အပြည်ပြည်ဆိုင်ရာ မူးယစ်အဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲဥက္ကဋ္ဌ ပြည်ထဲရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံမှ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

 

အပြည်ပြည်ဆိုင်ရာ မူးယစ်အဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲဥက္ကဋ္ဌ ပြည်ထဲရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာ

(၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့)

ယနေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည်နှင့်အညီ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပနေကြမည်ဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၈၇ ခုနှစ်မှစပြီး ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးချိန်မှစ၍ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များသည် ယနေ့တွင် (၃၁)ကြိမ်အဖြစ် အခမ်း အနားများ ကျင်းပနေမည်ဟု ယုံကြည်ပါသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို အထူး အလေးထားပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရန်အတွက် ၁၉၉၈ ခုနှစ်မှစ၍ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ဆောင်ပုဒ် အလွတ်တန်းပြိုင်ပွဲများနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများနှင့်

ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း နှစ်စဉ်ကျင်းပ သည့်အခမ်းအနားများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ဆုများချီးမြှင့်ခဲ့ပါသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များသည် ယခုနှစ် (၂၁)ကြိမ်မြောက် ကျင်းပသည့် ပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ယှဉ်ပြိုင်ကြသည့်ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူ ၃၅၀ဝ ခန့်မှ ဆုရရှိသူ ၁၀၇ ဦးအား ယနေ့တွင် ဆုချီးမြှင့်နေကြမည်ဖြစ်ပါသည်။

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာတစ်ဝန်းလုံးမှ ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအစိုးရများ၏ နောက်ခံ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာနှင့်ပထဝီမြေ အနေ အထား တို့အပေါ်တွင်အခြေခံပြီး ချဉ်းကပ်မှုပုံစံအမျိုးမျိုးနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

သို့ရာတွင် မူးယစ်ဆေးဝါးပြဿနာသည် ပိုမိုရှုပ်ထွေးကြီးမားလာပြီး ဆေးဝါးသစ်များပေါ်ထွက်လာမှု အပါအဝင် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို အမျိုးမျိုးပျက်သုဉ်းစေသည့် နည်းတူ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုခင်းများ၏ အကျိုးဆက်ရလဒ်ဖြစ်သည့်နယ်မြေတည်ငြိမ် ရေး နှင့်တရားဥပဒေစိုးမိုးရေးကိုပါ လှိုက်စားလာကြောင်း တွေ့ရှိရပါသည်။

၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီ သေဆုံးသူပေါင်း ၁၉၀ဝဝဝ ကျော်ရှိပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့်HIV ၊  အသည်းရောင်အသားဝါ ရောဂါ၊ TB ရောဂါကူးစက်မှုမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်နေရသည့်အပြင် ဝေးလံ ခေါင်းပါးပြီး ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့သည့်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ ဘိန်းဖြူနှင့်စိတ်ကြွ ဆေးဝါး ထုတ်လုပ်မှုပြဿနာ၊ သုံးစွဲမှုပြဿနာများကိုလည်း ရင်ဆိုင်နေရပါသည်။

မူးယစ်ဆေးဝါး ပြဿနာများကို ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများက ကြိုးပမ်းဆောင်ရွက်ခဲ့ ရာတွင် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းသုံးခုကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းများနှင့်အညီ ဥပဒေများပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

လူမှုဘဝမြှင့်တင်ရေးဆောင်ရွက်

နိုင်ငံတော်အစိုးရသည် ဘိန်းစိုက်ပျိုးသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်အောက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဘိန်းစိုက်ပျိုးရာဒေသများတွင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမြေဖော်ထုတ်ရေး၊ ရေနှင့်စွမ်းအင်ရရှိရေး၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက် ပေးခြင်းနှင့် သာသနာရေးအဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့အတူ ဒေသနှင့်ကိုက်ညီသည့် တစ်နိုင်သားငါးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ စီမံဆောင်ရွက်လျက်ရှိပြီး အစားထိုး သီးနှံများ စိုက်ပျိုးနိုင်စေရန် လိုအပ်သည့်ပံ့ပိုးမှုများကို ဒေသခံတောင်သူများအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူးယစ်ဆေးစွဲသူများအတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မူးယစ်ဆေးစွဲ ကုသရေး ဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုတို့ကို ဖွင့်လှစ်၍ မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုသရေးနည်းလမ်းတစ်ခုဖြစ်သည့် မက်သာဒုန်းအစားထိုး တိုက်ကျွေးမှု အစီအစဉ် အရ မက်သာဒုန်းတိုက်ကျွေးသည့် ဌာန ၅၁ ခု ကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုများသည့် မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

ဆေးစွဲလူနာများအတွက် တစ်နေရာတည်းတွင် ကုသရေးဝန်ဆောင်မှု အားလုံးရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများနှင့် ပြည်သူလူထု ဆေးကုသရေးဝန်ဆောင်မှုပေး ခြင်း အစီအစဉ်များကိုပါ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်နည်းတူ မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းခြင်းကြောင့်

ကူးစက်တတ်သော HIV၊ အသည်းရောင်အသားဝါရောဂါပိုး (ဘီ၊ စီ) နှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သော  ရောဂါများ အန္တရာယ်လျှော့ချရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက် လျက် ရှိပါသည်။

မူးယစ်ဆေးစွဲကုသပြီးသူများကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများအပြင်ပြန်လည်ထူထောင်ပြီးသူများ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ရောက်ရှိပြီး ဆေးဝါးပြန်လည်မသုံးစွဲစေရန်အတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများဖွဲ့စည်းပြီး နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကြိုတင်အသိပညာပေးခြင်းသည် ထိရောက်သည့်လုပ်ငန်းစဉ် တစ်ခုဖြစ်သည်နှင့်အညီ ကျောင်းသားလူငယ်များနှင့် ပြည်သူများကို အသိပညာပေးရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါး အန္တရာယ်အသိပညာများ တိုက်ရိုက်ရောက်ရှိစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက် လျက် ရှိပါသည်။

အစီအစဉ်များရေးဆွဲ

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ထိရောက်သည့်အတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ဘဝတူအသိပညာဖလှယ်မှု အစီအစဉ်များ၊ လူငယ်များကို ကိုယ်စားပြုသည့် အသိပညာပေးမှု အစီအစဉ်များ၊ အားနည်းသူ ပစ်မှတ်အုပ်စုများအတွက်ရည်ရွယ်သည့် ပညာပေးမှု အစီအစဉ် များကို သတင်းမီဒီယာ၊လူမှုကွန်ရက်နှင့် face to face ပညာပေးခြင်းစသည့် ပညာပေး လမ်းကြောင်း များမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ အတွက် အစီအစဉ်များရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ် လျော့နည်းပပျောက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ ဦးဆောင်မှု ကဏ္ဍသည် အမှန်တကယ်အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာအစိုးရ များက ဦးဆောင်သူနေရာမှနေပြီး ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏အားကို စည်းရုံးရယူအသုံးပြု၍ ဟန်ချက်ညီ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

မူးယစ်ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေး၏ လုပ်ငန်း အကြံပြုချက်များကို အခြေခံသည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တွင် ဘိန်းစိုက်ပျိုးမှုလျှော့ချရေးနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှု လျှော့ချရေးအတွက် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးအတွက် သုံးစွဲမှုနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေးနှင့် လူ့အခွင့်အရေး ပြဋ္ဌာန်းချက် များနှင့်အညီ ဖြစ်စေရေး စသည့် ကဏ္ဍပေါင်းစုံပါဝင်စေပြီး မူးယစ်ဆေးဝါးပြဿနာ လျှော့ချစေခြင်းဖြင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုနည်းတူ မူဝါဒကို အထောက်အကူဖြစ်စေသည့် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေကိုလည်း ပြန်လည်သုံးသပ် ခဲ့ပြီး ပြင်ဆင်သည့်ဥပဒေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားအားလုံးသည် အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် မိမိတို့ဆောင်ရွက်လိုသည့်၊ ဆောင်ရွက်နိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် စွမ်းနိုင်သမျှ ပူးပေါင်းဆောင်ရွက်သွား ရန် ဖြစ်ပါသည်။

ဤနှစ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် "Listen FIRST" ဆိုသည့်အတိုင်း မိသားစုတိုင်းသည် လူငယ်များ၏ ပြောကြားမှုကို ဦးစွာနားထောင်ပြီး ၄င်းတို့၏အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။