ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ တွင် ​တွေ့ရှိသော လှေစီးဒုက္ခသည်များအား ဥပဒေနှင့်အညီ စနစ်တကျစိစစ်၍ ဆောင်ရွက်ပေးသွားမည်

Printer-friendly versionSend by email

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ တွင် ​တွေ့ရှိသော လှေစီးဒုက္ခသည်များအား ဥပဒေနှင့်အညီ စနစ်တကျစိစစ်၍ ဆောင်ရွက်ပေးသွားမည်

စစ်တွေ ဇွန် ၁၃

ဇွန် ၁၁ ရက် နံနက်ပိုင်းက ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသော စက်လှေတစ်စင်းနှင့် အမျိုးသား ၄၄ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်၊ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရဲမှူးချုပ်မြင့်တိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်စားလှယ် များ၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးတို့နှင့် တာဝန်ရှိသူများနှင့် အတူ ဇွန် ၁၂ ရက် ညနေပိုင်းတွင် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီး လှေစီးဒုက္ခသည်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုလုပ်ငန်းစဉ်သည် ဒုက္ခရောက်နေသူများအား မည်သည့် ခွဲခြားမှုမျှမရှိဘဲ ကူညီခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟုထွက်ဆိုသူများအား သံတမန်နည်းလမ်းဖြင့် လိုအပ်သောစီစဉ်ဆောင်ရွက်မှုများ ပြုလုပ်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ် တကျ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများကိုလည်း ဘူးသီးတောင်နှင့်မောင်တောမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဆွေမျိုးများ ထံသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ စီစဉ်မှုများဆောင်ရွက်နေစဉ်ကာလအတွင်း စခန်းအတွင်း စည်းကမ်းတကျနေထိုင်၍ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အခက်အခဲများ ရှိလျှင် ပွင့်လင်းစွာတင်ပြစေလိုကြောင်း ပြောကြားသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဆွေမျိုးများရှိသော လှေစီးဒုက္ခသည်များက ၎င်းတို့အနေဖြင့် ဆွေမျိုးများထံ ဇွန် ၁၆ ရက်တွင် ပြန်လိုကြောင်း၊ ဆွေမျိုးမရှိသောသူများက ၎င်းတို့အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း၊လက်ရှိ စိစစ်ဆဲကာလတွင် စည်းကမ်းတကျ နေထိုင်၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် တာဝန် ထမ်းဆောင်နေသောဌာနပေါင်းစုံမှ ဝန်ထမ်းများအား တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးဝန်ထမ်းများ တင်ပြသော လိုအပ်ချက်များကို ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

လှေစီးဒုက္ခသည်များအား စားသောက်ရေးအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူ ထောက်ပံ့လျက်ရှိပြီး လုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ထွက်ဆိုထားသူများအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့ ပူးပေါင်း၍ သံတမန်နည်းလမ်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူများအား သေချာစွာစိစစ်၍ ၎င်းတို့ ဆန္ဒအတိုင်း UEHRD အစီအစဉ်ဖြင့် ပြန်လည်နေရာချထားပေးသွားမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement) တို့ ပူးပေါင်း၍ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ အဖွဲ့များစေလွှတ်၍စိတ်၊ လူမှုထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။